အထက်မင်းလှမြို့နယ်အတွင်း ပဲကြီးသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Thu, 02/22/2024 - 04:00 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော၊ ညောင်ပင်သာ စသည့်ကျေးရွာများသည် စိုက်ပျိုး ရေးကို အဓိကထား လုပ်ကိုင်ကြပြီး ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ မြေပဲ၊ ပဲစင်းငုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် မေမြို့ပန်းများကို ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးကြ ကြောင်း သိရသည်။

   သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ တို့၌ ပဲကြီးသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲ၍ ကြဲပက်စနစ် ဖြင့်စိုက်ပျိုးကြသကဲ့သို့ တန်းခြားစနစ်ဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ တော်သလင်းလပြည့်ကျော်တွင် စတင်စိုက်ပျိုးပြီး ၅ လခွဲအကြာတွင် စတင်ရိတ်သိမ်းနိုင်ကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် တစ်ဧက လျှင် မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်အားခအပါအဝင် စုစုပေါင်း ၁၀၀,၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က ပဲကြီးအထွက်နှုန်းမှာ တစ်ဧက ၁၅ တင်းမှ ၂၆ တင်းအထိ ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၆၀,၀၀၀-၇၀,၀၀၀ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်က အထွက်နှုန်း အတိုင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ခန့်မှန်းသည့်အတိုင်းထွက်ရှိပါက အကျိုးအမြတ်များစွာရရှိ နိုင်ကြောင်း၊ လက်ရှိအချိန် ပဲကြီးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပဲကြီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages