ဘဏ်ဝန်ထမ်းများနှင့်ဘဏ်လုပ်ငန်းကို စိတ်ဝင်စားသူများအတွက် ဘဏ္ဍာရေးနှင့်ငွေကြေးစီမံခန့်ခွဲမှုများကိုသင်ကြားပေးမည့် Myanmar Institute of Finance ကို ဇန်နဝါရီလအတွင်းဖွင့်လှစ်မည်

Fri, 01/09/2015 - 15:03 -- admin_ygn

   မြန်မာနိုင်ငံ၏  ဘဏ္ဍာရေးနှင့်  ငွေရေး ကြေးရေးကဏ္ဍအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရာတွင် ပညာရေးကဏ္ဍမှ အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ Myanmar Institute of Finance ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း Myanmar Institute of Finance ဖွင့်လှစ်ရန် အတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  အဆိုပါ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 အဆိုပါ Myanmar Institute of Finance တွင် ဘဏ်များ၌လုပ်ကိုင်လျက်ရှိသောဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများတက်ရောက်နိုင်သောသင်တန်း များ၊ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သော ကမ္ဘာ့အသိအမှတ်ပြုသင်တန်းများကို ပြည်တွင်း၊ ပြည်ပပညာရှင်များကသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
   အဆိုပါကျောင်းတွင် ၂၀၁၅ ခုနှစ် မတ်လမတိုင်မီအထိ Marketing Financial Services၊ English For Banking & Finance၊ Finance For Non – Finance Professionals (FNFP)၊  Forecasting Gold, Currency & Financial Markets Using Charting Techniques စသည့်  သင်တန်းများကို ပို့ချသွားမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လဆန်းမှ စတင်ကာ နိုင်ငံတကာအသိအမှတ်ပြုဘဏ္ဍာရေး Capital Marker သင်တန်းများ၊ မန်နေဂျာများနှင့် သက်ဆိုင်သော သင်တန်းများကို Certificate နှင့် ဒီပလိုမာ သင်တန်းများအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
   ထို့ပြင် နိုင်ငံခြားဘဏ်များ၊ Non-Profit အဖွဲ့အစည်းများနှင့်လည်းပူးပေါင်းကာ ဘဏ်များအတွက် အထူးသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Myanmar Institute of Finance ကို ရန်ကုန်မြို့၊ ကမ်းနား လမ်းနှင့်မော်တင်လမ်းထောင့်၊ (ယခင် ဖက်စပ်-၂အဆောက်အအုံ)တွင်ဖွင့်လှစ်ထားရှိကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၉၇၆၅၂၈၇၈၃ (Myanmar Institute of Finance) E.mail: [email protected] သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages