ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Fri, 01/09/2015 - 13:46 -- admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဒီဇင် ဘာလ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ စည်ပင်သာယာမြို့မဈေးကြီးနှင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချော (ရန်ကင်း) ဈေးတို့၌လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့ နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/ဈေးသား ၂၅၀ ခန့်အား စားသုံးသူအကာအကွယ်ပေးရေးသိကောင်းစရာ များ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
  ဟောပြောဆွေးနွေးပွဲတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ဦးဇော်မင်း ဦးစီးမှူးမှ စားသုံးအကာအကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းချက်များအားရှင်းလင်းခြင်း၊ အစားအစာများတွင်ပါဝင်သောဆိုးဆေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ITC ကတ် ထုတ်ပေးနေမှုအကြောင်း များကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/ဈေးသားများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
   ၎င်းနောက်  ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှဦးဆောင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မြို့မဈေးနှင့် အုန်း ချော(ရန်ကင်း) ဈေးများတွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှစားသုံးရန်မသင့်ကြေညာထားသော စားသောက်ကုန်ပစ္စည်း ၁၀ မျိုး ရောင်းချခြင်းရှိ/မရှိ လှည့်လည်ကြည့်ရှု၍ ဈေးသူ/ဈေးသားများအား ကျန်းမာရေးအတွက် အထောက်အကူပြုပြီး အာဟာရဖြစ်စေသော အစားအသောက်များကို ရွေးချယ်ရောင်းချရန်၊  ဓာတုဆိုးဆေး မပါဝင်သော  အစားအသောက်နှင့် မုန့်များကို စိစစ်ရောင်းချရေးပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး  အစားအသောက်များ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် စားသောက်ကုန်နမူနာ ပစ္စည်းများဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။

တင်ချစ်ကောင်း (စားသုံးသူ၊ မန္တလေး)

Local Trade News

Pages