ငွေလဲနှုန်းများ ကျဈေးဖြင့် ငြိမ်သက်လျက်ရှိ

Tue, 01/06/2015 - 13:41 -- admin_ygn

   ယခုတစ်ပတ်အတွင်းတွင် ငွေလဲနှုန်းများသည် ကျဈေးဖြင့် ငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အနည်း ငယ်မြင့်တက်ခဲ့သည့်ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။ ကားဈေးကွက် အေးစက်နေမှုကြောင့်လည်းကောင်း၊ နှစ်သစ်ကူးရုံးပိတ် ရက်များကြောင့်လည်းကောင်း ငွေဈေးများကျဆင်းလာရခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
   ''ဒီတစ်ပတ်ထဲမှာ ကားဈေးကွက်အတွင်းက  ကားတင်သွင်းမယ့်သူတွေလည်း ငြိမ်နေကြတယ်။ စီအိုင်အက်ဖ်ဈေးနှုန်းကို မသတ်မှတ်သေးတဲ့အတွက် ကားတင်သွင်းမယ့် သူတွေစောင့်ကြည့်နေကြတုန်းပဲ။ နောက်ပြီး  ခုရက်ပိုင်းက နှစ်သစ်ကူး ရက်လည်းဖြစ်နေတော့ အလုပ်တွေ သိပ်မလုပ်ကြဘူး။ ဒါကြောင့် အဝယ်ရောအရောင်းပါ အေးကုန် တယ်။  နောက်ရက်တွေမှာလည်း ဒီလိုပဲဖြစ်လာနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်နှစ်သစ်ကူးကနီးလာပြီ။ တရုတ်နှစ်သစ်ကူးကာလဆိုရင်ပိုဆိုးတယ်။ တရုတ်နယ် စပ်မှာဆိုရင် လုံးဝကို အလုပ်မလုပ်တော့တာ။ အဲဒီ အချိန်ဆိုရင် ခါတိုင်းတော့ ဈေးကျတတ်တဲ့အချိန်ပဲ''ဟု  ငွေလဲဈေးကွက်အတွင်းမှ ကိုဦးက ဆိုသည်။
   သိမ်ဖြူ ငွေလဲဈေးကွက်တွင် ဒီဇင်ဘာ ၂၉  ရက်က ဝယ်ဈေး ၁၀၃၀ ကျပ်၊ ရောင်းဈေး ၁၀၃၅  ကျပ်ရှိခဲ့သော်လည်း ဇန်နဝါရီလ ၁ရက်နေ့တွင်ဝယ်ဈေး ၁၀၂၈ ကျပ်၊ ရောင်းဈေး ၁၀၃၃ကျပ်သို့ အနည်းငယ်ဈေးကျလာခဲ့သည်။
   ပြင်ပငွေလဲစင်တာများတွင် ဒီဇင်ဘာ ၂၉ရက်က ဝယ်ဈေး ၁၀၃၅ ကျပ်၊ ရောင်းဈေး ၁၀၄၀ ကျပ်ရှိခဲ့ရာမှ ဇန်နဝါရီ ၂ ရက်တွင် ဝယ်ဈေး ၁၀၃၅ကျပ်၊ ရောင်း ဈေး ၁၀၃၉ ကျပ် သို့ဈေးကျဆင်းခဲ့သည်။

မယ်သီတာ

Local Trade News

Pages