ခင်ဦးမြို့နယ်၌ ရွှေဘိုပေါ်ဆန်းစပါးများ ရိတ်သိမ်း

Tue, 01/02/2024 - 03:57 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး ကို အဓိကထားလုပ်ကိုင်ကြပြီး သဖန်းဆိပ်ဆည်မှရရှိသော ဆည်ရေဖြင့်နွေရာသီတွင် ရွှေဝါထွန်း စပါး (ခေါ်) ရက်တစ်ရာစပါးနှင့် မိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး (ဒေသခေါ်) ဘေးကြားစပါးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ခင်ဦးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းစပါးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧကစုစုပေါင်း (၄၀,၀၀၀) ကျော်ရှိကြောင်း၊ စပါးစိုက်ပျိုးမှုအနေဖြင့် ပျိုးထောင်စနစ်ဖြင့် ဩဂုတ်လ(ပထမပတ်)မှ စတင်၍စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် ရာသီဥတုမှာ ကောင်းမွန်သောကြောင့် တင်း (၇၀ မှ ၉၀ ကြား) ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧက လျှင်မျိုး၊ ဓါတ်မြေဩဇာ၊ လုပ်သားခများအပါအဝင် ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးချိန်မှ ရိတ် သိမ်းချိန်အထိ ကုန်ကျစရိတ်စုစုပေါင်း ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်းသိရသည်။

   ရွှေဘိုပေါ်ဆန်းစပါး ဈေးနှုန်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ယခုဒီဇင်ဘာလတွင် စပါးတင်း (၁၀၀) လျှင် ကျပ် (၃,၀၀၀,၀၀၀-၃,၄၀၀,၀၀၀) အထိ ဈေးနှုန်းရရှိကြောင်း၊ စပါးစိုက်တောင်သူများ အနေဖြင့် ထွက်ရှိပြီးသောစပါးများကို မိမိတို့မိသားစုစားသုံးရန်အတွက်သာ ဆန်စက်တွင်ကြိတ်ခွဲပြီး ကျန်စပါးများအား ရောင်းချရန်သိုလှောင်ထားကြကြောင်း၊ ခင်ဦးမြို့ပေါ်ရှိ စပါးပွဲစားများအပြင် ရွှေဘိုမြို့နှင့် အခြားဒေသများမှ စပါးပွဲစားများကလာရောက်ဝယ်ယူကြကြောင်း ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

Local Trade News

Pages