ကျောက်ပန်းတောင်းမြို့နယ်ရှိ မြေပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Fri, 06/09/2023 - 09:58 -- comsumer

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း(၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်း ထွက်ရှိကြောင်း၊ ဆောင်းမြေပဲ စိုက်ပျိုးမှုအနေ ဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၆)တင်းဖြင့် တင်းပေါင်း (၉၀၁၆) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

            ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့်  (၅၈၂၇၁) ဧက လျာထားမှုရှိပြီး (၁၄၆၂၁)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊  ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ ထွက်ရှိသောမြေပဲများကို မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချလျက်ရှိကြောင်း၊  စျေးနှုန်းစျေးကွက်အနေဖြင့် ယခင်နှစ် မြေပဲဆီဆန် တစ်တင်း လျှင်(၄၅၀၀၀)ကျပ်၊ မြေပဲလုံးဆန်တစ်တင်းလျှင် (၄၈၀၀၀)ကျပ်၊ မျိုးမြေပဲ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲဆီဆန်တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆန် တစ်တင်းလျှင်(၁၀၅၆၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြေပဲတစ်ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၄၅၇၀၀၀) ကျပ်ခန့် ကုန်ကျပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၄၂.၂၅)တင်းနှုန်း  ထွက်ရှိခဲ့ပြီး၊ မြေပဲစတင် ထွက်ပေါ်ချိန်တွင် စျေးနှုန်းအနေဖြင့်  မြေပဲတောင့်တစ်တင်းလျှင် (၁၈၀၀၀)ကျပ်နှုန်း ရောင်းချခဲ့ရပြီး၊ တစ်ဧက ဝင်ငွေ(၇၆၀၅၀၀)ကျပ် ရရှိ၍ အကျိုးအမြတ်အနေဖြင့် (၃၀၃၅၀၀)ကျပ် ရရှိကြောင်း၊ ဒေသတွင်းထွက်ရှိသော မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာကြောင်း သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages