ကယား မက်ခါသီး ဈေးကောင်းလျက်ရှိ

Tue, 08/30/2022 - 12:45 -- admin_ygn

မက်ခါသီးသည် ကယားလူမျိုးစု၏မရှိမဖြစ် အသုံးပြုသည့် ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ မက်ခါသီးကို ကယားပြည်နယ်၏  ကယား လူမျိုးများ အများစုနေထိုင်ရာ လွိုင်ကော်မြို့နယ် ချိကယ်၊  ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ဒေါရောက်ခူ၊ဒေါတမကြီး၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးကြသည်။ မက်ခါသီးကို ဒေသအလိုက် အခေါ်အဝေါ်များရှိပြီး မြန်မာအခေါ် (သီဟရာဇာ)၊  ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ် (မက်ခါသီး)၊တရုတ်အခေါ်(ချွှမ်းဝှားကျောင်း)စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ် ကြပြီး တရုတ်ပြည်မကြီး ချွမ်းဒေသလူမျိုးများက မက်ခါသီးကို အကြော်အနှပ်၊ အသားကင်များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲကြသည်။ မက်ခါသီးသည် တစ်နှစ်လျှင် ခြောက်လတစ်ကြိမ်သီးပြီး  ဇူလိုင်လဆန်းပိုင်းမှ စ၍ မက်ခါသီး စပေါ်ပြီး မက်ခါသီးအစိမ်းကို အသားများ၊ အူများ  အညှီနံ့ ပျောက်စေရန် ထည့်ပြုတ်ခြင်းဖြင့် သားငါးအညှီနံ့ပျောက်ကြောင်း၊   ရင့်မှည့် သည့် မက်ခါသီးများကိုခူး၍ အခြောက်လှန်းပြီး   အသီးများခြောက်သွေ့သွား လျှင် အမှုန့်ပြုလုပ်၍ ဟင်းခတ်အမွှေးအကြိုင်အဖြစ်  အသုံးပြုကြသည်။  မက်ခါသီး အရသာမှာ ငရုတ်ကောင်းနှင့်ဆင်တူ၍အရသာက လျှာကိုထုံပြီး  ပူရှိန်းပူရှိန်းဖြစ်ကာ ငရုတ်ကောင်းထက်ပို၍   ထုံသောကြောင့် တိုင်းရင်းသား လူမျိုးများ ဒေသဟင်းခတ်အမွှေးအကြိုင်အဖြစ် နှစ်ခြိုက်စွာ သုံးစွဲကြသည်။ 
ကယား/ကယန်းလူမျိုးများက မက်ခါသီးကို ဟင်းချက်ရာတွင်လည်း ကောင်း၊ ရိုးရာ ကယား/ကယန်းဆန်ပြုတ်၊ ကယား/ကယန်း  ဝက်အူချောင်း၊ ကယားတာလပေါ့ဟင်း၊ ပဲပုပ်ထောင်း၊ အသားဟင်းများတွင်  မက်ခါသီးမှုန့် ထည့်ခြင်းဖြင့် အသားအရသာပို ကောင်းမွန်ပြီး အညှီနံ့လည်းပျောက်စေသဖြင့် မက်ခါသီးမှာ ရိုးရာဟင်းလျာတို့၏ အဓိကကျသော အသီးတစ်မျိုးဖြစ်၍ ဈေး ကွက်တွင်လည်း မက်ခါသီး အသီးအစို၊အခြောက်၊ အမှုန့်ဈေးကောင်းပြီး ယခု နှစ်လက်ရှိ မက်ခါသီးခြောက် နို့ဆီဘူးတစ်လုံးလျှင်  ၂၅၀ဝ ကျပ်၊ အမှုန့် ၇၀ ဂရမ်ပါ တစ်ဘူးလျှင် ၁၅၀ဝ ကျပ်ဖြင့်  ရောင်းချလျက်ရှိပြီး ယခင်နှစ် မက်ခါ သီးခြောက် နို့ဆီဘူးတစ်လုံးလျှင် ၁၅၀ဝ ကျပ်၊အမှုန့် ၇၀ ဂရမ် တစ်ဘူးလျှင် ၁၀ဝ၀ကျပ်သာရှိခဲ့ပြီး ယခင်နှစ်တွင် မက်ခါသီးခြောက် နို့ဆီဘူး တစ်လုံးလျှင် ၁၀ဝ၀ ကျပ်၊ အမှုန့်တစ်ဘူးလျှင် ၅၀ဝ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ဒေသတွင်းတွင်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ အနည်းငယ်ရှိခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ မက်ခါ သီးရောင်းချသူတစ်ဦးထံမှ သိရသည်။             ခင်မြို့ရီ(စားသုံးသူ၊ကယား)

Local Trade News

Pages