ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောမြေကုန်သွယ်မှုဗဟိုဌာနဖွင့်လှစ်

Mon, 01/12/2015 - 13:50 -- admin_ygn

   (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ မနောမြေကုန်သွယ်မှုဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ကျင်းပရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်   ဦးလဂျွန်ငန်ဆိုင်းက ပြည်နယ်အတွင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှုဆောင်ရွက်ရာတွင် အဆင့်မီ စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ  ရယူနိုင်ပြီဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အားကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသသည် အင်အားကြီးနှစ်နိုင်ငံကြားတွင် နယ်မြေဒေသချင်းထိစပ်လျက်ရှိသည့်အတွက် ပြည်နယ်တွင်း ဒေသထွက်ကုန်ပစ္စည်းများ ကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ကုန်သွယ်နိုင်ရေး အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်သည့်အတွက် ပြည်နယ်စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။
   ဆက်လက်ပြီး   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် (၆၇) နှစ်မြောက် ကချင်ပြည် နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း မနောမြေကုန်သွယ်မှုဗဟိုဌာနကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကချင်ပြည်နယ်သည် သဘာ၀ သယံဇာတများ  ပေါကြွယ်ဝသောဒေသဖြစ်ရာ ဒေသ ထွက်ကုန်ပစ္စည်းများ၊ ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ပြီး ကုန်စည်ပြပွဲများကို လည်း ဝန်ဆောင်မှုပေးခြင်းနှင့် စီးပွားရေး ပညာပေးလုပ်ငန်းများကိုလည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
  ယင်းနောက် မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က မနောမြေကုန်သွယ်မှုဗဟိုဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် စီးပွားရေးအသင်းအဖွဲ့များက မနောမြေကုန်သွယ်မှုဗဟိုဌာနအတွင်း   ခင်းကျင်းပြသထားသည့် စာကြည့်တိုက်၊ အီလက်ထရောနစ် သတင်းအချက် အလက်များရယူနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ကုန်သွယ်မှုဆိုင်ရာ စာအုပ်စာစောင်များ၊ ခင်းကျင်းထားရှိမှု၊ ဒေသထွက်ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုခဲ့ကြပါတယ်။   ဆက်လက်ပြီး ဆွေးနွေးခန်းမနေရာတွင် တက်ရောက်လာကြသည့် ဒေသခံ ကုန်သည်လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါတယ်။

မောင်မောင်ခိုင်-မြစ်ကြီးနား

Local Trade News

Pages