e-commerce စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေမူဘောင်ဆိုင်ရာ အချက်အလက်များအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများအကြား ဆွေးနွေးဖလှယ်မှုပြုခြင်း

Thu, 04/06/2023 - 02:58 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ ချမှတ်ကျင့်သုံးလျက်ရှိသော အီလက်ထရွန်းနစ်ကူး သန်းရောင်းဝယ်ရေး (e-commerce) ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေမူဘောင်တို့ကို e-commerce လုပ်ငန်းအစီအစဉ်အောက်တွင် ဆွေးနွေးနိုင်ရေးအတွက် သတင်းအချက် အလက်များ ဖလှယ်ခဲ့ကြကြောင်း၊ e-commerce မူဘောင်များချမှတ်ရာ၌ နိုင်ငံအလိုက် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှုများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်များအကြား ဆွေးနွေးခဲ့ကြကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ website ၌ ထုတ်ပြန်ခဲ့ပါသည်။

စင်္ကာပူနိုင်ငံမှ ဒီဂျစ်တယ်ကုန်သွယ်မှု တိုးတက်စေရန် ဈေးကွက်အထောက်အကူပြု စည်းမျဉ်းစည်းကမ်းနှင့်စပ်လျဉ်းသည့် ဒီဂျစ်တယ် စီးပွားရေးသဘောတူညီချက်များ (Digital Economy Agreements)၊ ဒီဂျစ်တယ်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အထောက်အပံ့ဖြစ်စေသည့် ထိန်းကျောင်းနိုင်သောစနစ်များကို တင်ပြခဲ့ကြောင်း၊ ယင်းတို့တွင် အီလက်ထရွန်နစ်စနစ်ဖြင့် ရောင်း၀ယ်မှုများ၊ စာရွက်စာတမ်းမဲ့ကုန်သွယ်မှု (Paperless Trade) နှင့် အီလက်ထရွန်းနစ် ငွေတောင်းခံလွှာများ ပါဝင်ကြောင်း၊ တင်ပြမှုများ အတွင်း စင်္ကပူနိုင်ငံက စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေမူဘောင်များ ချမှတ်ရာတွင် ထည့်သွင်းသင့်သည့် အချက်များ၊ တွေ့ကြုံရသည့် အခက်အခဲအတားအဆီးများကို အဖွဲ့ဝင်များထံ မေးမြန်းခဲ့ပြီး အဆိုပါအခက်အခဲများ ကျော်လွှားနိုင်စေရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ပေးနိုင်မည့် အခြေအနေများကို မေးမြန်းခဲ့ပါသည်။

ဗြိတိန်နိုင်ငံမှ မကြာမီထုတ်ပြန်မည့် e-commerce တွင် ပိုမိုပွင့်လင်းမြင်သာမှုရှိစွာ အားလုံးပါဝင်၍ ထိရောက်သော ဥပဒေပြုရေးနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များချမှတ်နိုင်ရေး အလေးပေး ဖော်ပြထားသည့် ဒီဂျစ်တယ်ကုန်သွယ်မှုအသွင်ကူးပြောင်းရေးဆိုင်ရာ စာတမ်း တစ်စောင်ကို မိတ်ဆက်ခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်သော်လည်းကောင်း၊ ဒေသတွင်းကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့်ဆက်စပ်၍သော် လည်းကောင်း ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းမူဘောင်များနှင့် ပတ်သက်သည့် နယ်ပယ်များကို အကျဉ်းချုံးဖော်ပြခဲ့ကြပါသည်။ ယင်းနယ်ပယ်များတွင် စားသုံးသူအကာအကွယ်ပေးရေး၊ အီလက်ထရွန်နစ်အသုံးပြု၍ အရောင်းအ၀ယ်ဆောင်ရွက်မှုများ၊ အင်တာနက်ဝန်ဆောင်မှုပေးသူများမှ တာဝန်ယူရမည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အကာအကွယ်ပေးခြင်းတို့ ပါဝင်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခန်းကဏ္ဍအနေဖြင့် ထိရောက်၍ ဖွံ့ဖြိုးတိုးတက်သော ဥပဒေနှင့် စည်းမျဉ်းမူဘောင်များချမှတ်နိုင်ရေး အတွက် အဖွဲ့ဝင်နိုင်ငံများအား နည်းပညာဆိုင်ရာ အကူအညီနှင့် လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးနှင့် လိုအပ်လျက်ရှိသော အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများကို စုစည်းဆောင်ရွက်ပြီး ကျွမ်းကျင်မှုများကို မျှဝေဆောင်ရွက်သွားရန် အဖွဲ့ဝင်နိုင်ငံအများစုမှ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အကောက်ခွန်စည်းကြပ်မှု ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။  

Source: https://www.wto.org/english/news_e/news23_e/ecom_22mar23_e.htm

International Trade News

Pages