CPTPP ကုန်သွယ်ရေးအစုအဖွဲ့နှင့် ပူးပေါင်းရန် ဗြိတိန်နိုင်ငံကို ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်

Thu, 04/06/2023 - 02:51 -- wtodep

အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော ပစိဖိတ်ဒေသမိတ်ဖက်ပြုဆောင်ရွက်မှုအတွက် ဘက်စုံတိုးတက်ရေး သဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership) တွင် ဥရောပနိုင်ငံတစ်နိုင်ငံ ပါဝင်လာစေရန် ခြေလှမ်း တစ်လှမ်းအနေဖြင့် ဗြိတိန်နိုင်ငံအား   ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုရန် မတ်လ ၂၄ ရက်နေ့၌ ကျင်းပပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးတွင် မီးစိမ်းပြခဲ့ပြီးနောက် မတ်လနောက်ဆုံးပတ်အတွင်း ဝင်ခွင့်ပြုမည်ဟု မျှော်လင့်ရပါသည်။ ၎င်းနောက် ဝင်ရောက်ခွင့်ကို တရားဝင်ဖြစ်စေရန် နောက်ထပ်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင် မည်ဖြစ်ပါ သည်။

ယခုကဲ့သို့ လက်ခံခြင်းဖြင့် ဗြိတိန်နိုင်ငံသည် CPTPP တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံမဟုတ်သော်လည်း ၎င်းအဖွဲ့အစည်းအတွင်းသို့ ကြိုဆိုသည့် ပထမဆုံး ပြင်ပအဖွဲ့ဝင်နိုင်ငံ ဖြစ်လာကာ အာရှ-ပစိဖိတ်ဒေသကို လွှမ်းခြုံထားသော သဘောတူညီချက် တစ်ရပ်၏ ဆွဲဆောင်မှုကို ပြသခဲ့သည်။ ဗြိတိန်အစိုးရသည် CPTPP သို့ ဝင်ရောက်ရာတွင် ၎င်း၏ စီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းဦးစားပေးမှုများနှင့်အညီ သေချာစေရန် ကြိုးပမ်းဆောင်ရွက် နေကြောင်း သိရပါသည်။

Trans-Pacific Partnership ဟု လူသိများသည့် ပူးပေါင်းဆောင်ရွက်မှုမှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ပြီးနောက် CPTPPကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံ ၁၁ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့ပါသည်။  ဝင်ရောက်လိုသော အဖွဲ့ဝင်အသစ်တိုင်းမှာ တင်းကျပ်သော စည်းမျဉ်းများနှင့် စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင်အားလုံးတို့က ဝင်ရောက်သည့် နိုင်ငံအသစ်ကို တညီတညွတ်တည်း ထောက်ခံရမည်ဖြစ်သည်။ ဤမူဘောင်က အချက်အလက်စီးဆင်းမှုနှင့် မျှဝေထားသော စံနှုန်းများနှင့်ဆက်စပ်သော အခြားအကျိုး ကျေးဇူးများဖြင့် ဗြိတိန်နိုင်ငံအတွက် စျေးကွက်အချို့ကို ထပ်မံဖွင့်လှစ်ရန် ကတိပြုပါသည်။ ယခုအခါ မီးစိမ်းပြလိုက်ပြီဖြစ်သဖြင့် ဗြိတိန်အစိုးရက သတ်မှတ်ထားသော အချိန်အတွင်း CPTPP စံနှုန်းများဖြင့် ပြည့်မီစေရန် လိုအပ်သည့် မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆို အကောင် အထည်ဖော်သွားရမည် ဖြစ်ပါသည်။

CPTPP၌ အဖွဲ့ဝင်ဖြစ်လာရန် ဗြိတိန်အစိုးရက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁  ရက်နေ့၌ တရားဝင်လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ အသစ်ဝင်ရောက်လာမည့် ဗြိတိန်နိုင်ငံနှင့် CPTPP မူလအဖွဲ့ဝင်အများစုဖြစ်ကြသော ဩစတြေးလျ၊ ဘရူနိုင်းလ်၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ ပီရူး၊ နယူးဇီလန်၊ စင်ကာပူနှင့် ဗီယက်နမ်တို့မှာ တည်နေရာအရ အလှမ်းကွာဝေးသဖြင့် လည်းကောင်း၊ ဗြိတိန်နိုင်ငံသည် CPTPP အဖွဲ့ဝင် ၉ နိုင်ငံနှင့် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များရှိထားပြီးဖြစ်ကာ အကောင် အထည်ဖော်ဆောင်မှု အဆင့်အမျိုးမျိုးကို ဆောင်ရွက်နေသဖြင့်လည်းကောင်း လက်ရှိကုန်သွယ်ရေးကို ပိုမိုအဆင့်မြှင့်တင်မည့် စီးပွားရေးသဘောတူညီချက်များစွာ ပြုလုပ်နိုင်မည်ဟု မျှော်လင့်၍ မရပါ။ အထူးသဖြင့် ဗြိတိန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြသည့် ဂျပန်၊ ကနေဒါ၊ စင်ကာပူနှင့် ဩစတြေးလျတို့နှင့် ချုပ်ဆိုထားသည့် ကုန်သွယ်မှုစာချုပ်များမှာ CPTPP ၏ ကုန်စည်နှင့် ဝန်ဆောင်မှု အစိတ်အပိုင်းကြီးများကို လွှမ်းခြုံထားပြီး ဖြစ်ပါသည်။

ဗြိတိန်နိုင်ငံအတွက် CPTPP မှ ရေရှည်စီးပွားရေး အမြတ်အစွန်းများမှာ ဥရောပသမဂ္ဂမှ ထွက်ခွာခြင်းနှင့်နှိုင်းယှဉ်လျှင် အကန့်အသတ် ရှိနိုင်သည်ဟု ယူကေအစိုးရကိုယ်တိုင်က ခန့်မှန်းထားပါသည်။ ယူရို ၁၄.၅ ထရီလီယံရှိသည့် ဥရောပစီးပွားရေးမိတ်ဖက်ပြုမှုမှ ဗြိတိန်နိုင်ငံထွက်ခွာလိုက်သည့်အခါ ကမ္ဘာတစ်ဝှမ်းနှင့် အဓိကကုန်သွယ်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အဆက်ဆက်၏ ကတိပေးမှုများကို ဖြည့်ဆည်းနိုင်ရန် ဗြိတိန်အရာရှိများတွင် ဖိအားများရှိနေခဲ့ပါသည်။ သို့ရာတွင် CPTPP သဘောတူညီချက်က ဗြိတိန်နှင့် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအကြား ချုပ်ဆိုထားပြီးဖြစ်သည့် စာချုပ်များကို အစားထိုးကာ ဗြိတိန်ကိုပိုမိုအကျိုးဖြစ်ထွန်းစေသည့် အဆင့်မြင့်သဘောတူညီချက်လည်း ဖြစ်လာနိုင်ပါသည်။ ၎င်းစာချုပ်များတွင် ဂျပန်-ဗြိတိန် ဘက်စုံစီးပွားရေးသဘောတူညီချက်၊ ကနေဒါ၊ ဗီယက်နမ်၊ စင်ကာပူ၊ မက္ကဆီကို၊ ချီလီနှင့် ပီရူးတို့နှင့် ချုပ်ဆိုထားသော စာချုပ်များပါဝင်ပါသည်CPTPP သို့ ဝင်ရောက်သည့် လုပ်ငန်းစဉ်ကို ဗြိတိန်က ဆောင်ရွက်နေစဉ်အတွင်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံချင်း ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

CPTPP သို့ ဗြိတိန်နိုင်ငံ ဝင်ရောက်လာသည့်အခါ ဗြိတိန်မှ ဆန်းသစ်တီထွင်သော လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းသို့ ရောက်ရှိလာစေရန် ဆွဲဆောင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ခေတ်မီလာစေရန် အကျိုးပြုနိုင်ပါသည်။ ထို့ပြင် ဗြိတိန်နိုင်ငံမှ   သတင်းမီဒီယာလွှမ်မိုးမှုအားကောင်းသဖြင့် ဥရောပ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်ဈေးကွက်များနှင့် ချက်ချင်းအဆက်အသွယ်များ တည်ထောင်နိုင်ခဲ့သော အောင်မြင်သည့် သာဓကများရှိခဲ့ရာ CPTPP အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ ဈေးကွက်အတွက် စမ်းသပ်နိုင်သည့်နိုင်ငံဖြစ်ပါသည်။  ထိုမျှမက ဗြိတိန်နိုင်ငံမှာ ပွင့်လင်းလွတ်လပ်သော စျေးကွက်စီးပွားရေးနှင့် ခိုင်မာသော ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့်  CPTPP အားအင်အား တောင့်တင်းစေပြီး  ယုံကြည်ကိုးစားမှုကို တိုးမြင့်စေနိုင်ကာ၊ ကိုယ် ကျိုးကာကွယ်မှုများကြောင့် ခြိမ်းခြောက်ခံနေရသည့် စည်းမျဉ်းအခြေခံ ကူးသန်းရောင်းဝယ် ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

CPTPP အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေစုစုပေါင်း သန်း ၅၀၀ ဝန်းကျင်ရှိ၍ စီးပွားရေးများစွာ ဖွံ့ဖြိုးနေသည့် အာရှနိုင်ငံများပါဝင်ပါသည်။ CPTPP မှာ တစ်ကမ္ဘာလုံး GDP ၏ ၁၃ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၅ ရာခိုင်နှုန်းပါဝင်သည့် ကြီးမားသည့်         သဘောတူညီချက်ဖြစ်ပါသည်။   ကုန်စည်ကုန်သွယ်ရေးအတွက်  ကုန်သွယ်ရေးအခွန်အကောက်များ လျှော့ချရုံသာမက၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတို့အတွက်လည်း စည်းမျဉ်းအသစ်များ ချမှတ်ထားသည့် သဘောတူညီချက်ဖြစ်ပါသည်။ အခန်းပေါင်း ၃၀ ပြဋ္ဌာန်းထားသည့် သဘောတူညီချက်၌ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေခြင်း၊ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများကို တားမြစ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း တို့အပေါ် အခြေခံထားကာ ယခုရာစုသစ်အတွက် သင့်လျော်မှုရှိစေရန် ပြုလုပ်ထားပါသည်။   CPTPP ၏ လက်ရှိ အဖွဲ့ဝင် ၁၁ နိုင်ငံမှာ ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ မက္ကဆီကို၊ ချီလီနှင့် ပီရူးတို့ဖြစ်ကြပါသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်နှင့် ထိုင်ဝမ်တို့သည် CPTPP အဖွဲ့၌ ပါဝင်ရန် တရားဝင်လျှောက်လွှာတင်ခဲ့ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ဒီမိုကရက်တစ်ထိုင်ဝမ်မှာ ၎င်း၏ ပိုင်နက်အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းနှင့် ထိုင်ဝမ်အား နိုင်ငံတကာဖိုရမ် အများစုမှ ချန်လှပ်ထားရန် အခိုင်အမာတောင်းဆိုလာမှုများကြောင့် အဆင်မပြေသော ဆုံးဖြတ်ချက်အချို့ ဖြစ်ပေါ်လာနိုင်ပါသည်။ CPTPP အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  တရုတ်နှင့်ထိုင်ဝမ်တို့၏ လျှောက်ထားမှုများကို စဉ်းစားရာတွင် ပိုမိုရှုပ်ထွေးပြီး ပထဝီဝင် နိုင်ငံရေးအရ ဆက်နွှယ်လာနိုင်သည့် တာဝန်များ (geopolitically charged task) ဖြင့် ပိုမိုရင်ဆိုင်လာရဖွယ် ရှိပါသည်။ ထို့ကြောင့်  တရုတ်နိုင်ငံမှ ဝင်ရောက်မည့်လုပ်ငန်းစဉ်ကို စတင်နေသော်လည်း၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်လိမ့်မည် မဟုတ်ဟု သိရပါသည်။

Source: https://asia.nikkei.com/Economy/Trade/CPTPP-trade-bloc-to-give-U.K.-green-light-to join?utm_campaign= IC_asia_daily_free&utm_medium= email& utm_source=NA_newsletter&utm_content=article_link&del_type=1&pub_date=20230330123000&seq_num=3&si=97fa51e3-6667-4d74-af44-305061e9cd0a

https://www.chathamhouse.org/2021/03/why-joining-cptpp-smart-move-uk

International Trade News

Pages