၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေမည့် ဖိလစ်ပိုင်နိုင်ငံ

Thu, 05/23/2024 - 03:48 -- wtodep

တိုးပွားလာသော လူဦးရေကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ခုနှစ်တွင်လည်း ကမ္ဘာ့အများဆုံး ဆန်တင်သွင်းသူအဖြစ် ၃ နှစ်ဆက်တိုက် ဆက်လက်ရပ်တည်နေမည်ဖြစ်ပါသည်။ ယခုခန့်မှန်းချက်ကို အမေရိကန်ပြည်ထောင်စု၊ စိုက်ပျိုးရေးဌာန (USDA) ၏ လစဉ်ထုတ် ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက် အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးခန့်မှန်းချက်လည်း ဖြစ်ပါသည်။

လာမည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် လူဦးရေနှင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာမှုတို့ကြောင့် စားသုံးမှုမြင့်တက်လာခြင်းအား ဖြည့်ဆည်းရန် ဆန်တန်ချိန် စုစုပေါင်း ၄.၂ သန်းကို တင်သွင်းမည်ဟုခန့်မှန်းထားပါသည်။

USDA ၏ ခန့်မှန်းချက်တွင် ဆန်ကြမ်း၊ ဆန်ညိုမှကြိတ်ခွဲပြီးဆန်၊ ဆန်ကွဲထိ ပုံစံမျိုးစုံကို ထည့်သွင်းတွက်ချက်ထားပြီး ကြိတ်ခွဲပြီး ဆန်ပမာဏကို ခန့်မှန်းထုတ်ပြန်ထားပါသည်။ ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့က နိုင်ငံ့လူဦးရေသည် လာမည့်နှစ်တွင် အနည်းဆုံး ၁၁၃.၆၃ သန်း ရှိပြီး ၂၀၂၀ ပြည့်နှစ် လူဦးရေ ၁၀၉.၀၃၅ သန်းထက် ၄.၂ % ခန့်မြင့်တက်လာနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မှ၂၀၂၅ ခုနှစ် အတွင်း နှစ်စဉ်နိုင်ငံ့လူဦးရေ ပျမ်းမျှတိုးတက်မှုနှုန်းသည် ၀.၈၄% ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

လာမည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ဆန်စားသုံးမှုနှင့် လိုအပ်ချက်မှာ မက်ထရစ်တန် ၁၇.၁ သန်းရှိမည်ဟု USDA က  ခန့်မှန်းထားပြီး ကမ္ဘာ့ဆဋ္ဌမမြောက် ဆန်အများဆုံး စားသုံးသူအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

ဆက်လက်၍ လာမည့်နှစ်တွင် ကမ္ဘာ့ဆန်စားသုံးမှုသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများ၌ အဓိကတိုးတက်မှုကြောင့် စုစုပေါင်း မက်ထရစ်တန် ၅၂၆.၄၀၁ သန်းဖြင့် စံချိန်သစ်တင်နိုင်ကြောင်း၊ သို့သော် ဖိလစ်ပိုင် နိုင်ငံ၏ လာမည့်နှစ်စပါးရိတ်သိမ်းမှုသည် မက်ထရစ်တန် ၁၂.၇ သန်းခန့် ဖြင့် ယခုနှစ်ခန့်မှန်းချက် မက်ထရစ်တန် ၁၂.၅ သန်းကို ကျော်လွန်နိုင်ကြောင်း USDA မှသိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင်သတ္တမမြောက်ဆန်အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပါသည်။

အပင်ထုတ်လုပ်မှုဗျူရို၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ မေလ ၂ ရက်နေ့အထိ ဆန်မက်ထရစ်တန် ၁.၆သန်းကျော် တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

Source:https://www.philstar.com/business

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages