ဥရောပဈေးကွက်များသို့ ကမ္ဘောဒီးယားဆန်(Indica) တင်ပို့မှု သိသာစွာ တိုးတက်လာမည်ဟု မျှော်လင့်ရခြင်း

Tue, 12/13/2022 - 05:22 -- wtodep

ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဉရောပသမဂ္ဂမှ ထုတ်လုပ်သူများ၏ စီးပွားရေးကို ထိခိုက်စေသည်ဟု ယူဆ၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ကမ္ဘောဒီးယားဆန် (Indica) တင်သွင်းမှုအပေါ် ၃ နှစ် သွင်းကုန်ခွန်စည်းကြပ်ရန်နှင့် ဉရောပသမဂ္ဂ အကာအကွယ်ပေးရေး အစီအမံများအရ ၂၀၁၉ ခုနှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၇၅ (၁၈၃ ဒေါ်လာ)၊ ၂ဝ၂၀ ပြည့်နှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၅၀ နှင့် ၂၀၂၁ ခုနှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၂၅ တို့ဖြင့် ပေးဆောင်ရန် ဥရောပသမဂ္ဂကော်မရှင်က ဆုံးဖြတ်ခဲ့ပါသည်။

ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတကာရှေ့နေများ ငှားရမ်း၍ ဥရောပသမဂ္ဂကော်မရှင်ကို အမှုစွဲဆိုခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂသို့ ဆန်ထိပ်တန်းတင်ပို့သည့် အီတလီနှင့် စပိန်နိုင်ငံတို့မှ ဆန္ဒပြမှုများအပြီးတွင် ဥရောပသမဂ္ဂ၏ တရားလွှတ်တော်မှ အကာအကွယ်ပေးမှုဆိုင်ရာ အစီအမံများအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး၊ လုံလောက်သော အထောက်အထားများ စုဆောင်းနိုင်မှုမရှိခြင်းကြောင့် အဆိုပါသွင်းကုန်အခွန်များသည် တရားမဝင်ကြောင်းနှင့် ဥရောပကော်မရှင် စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဥရောပသမဂ္ဂ၏ တရားလွှတ်တော်မှ ဥရောပကော်မရှင်အား ၎င်း၏ တရားရေးကုန်ကျစရိတ်များကို ကျခံရန် ကမ္ဘောဒီးယား ဆန်လုပ်ငန်းကဏ္ဍ၏ လော်ဘီသမားဖြစ်သူ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ ကုန်ကျစရိတ်များကို ပြန်လည်ပေးဆပ်ရန်နှင့် အီတလီအနေဖြင့် တရားရေးကုန်ကျစရိတ်များကို မိမိဘာသာကျခံရန် အမိန့်ချမှတ်ခဲ့ပါသည်။ ဤကိစ္စရပ်အောင်မြင်မှုသည် ကမ္ဘောဒီးယားအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအရ ကမ္ဘောဒီးယားဆန်စပါးကဏ္ဍ တိုးတက်မှုပြယုဂ်ဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က ပြောကြားခဲ့သည်။

Battambang ပြည်နယ်အခြေစိုက် အထင်ကရ ဆန်ကြိတ်ခွဲလုပ်ငန်းဖြစ်သည့် City Rice Import Export Co Ltd ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Andy Lay Chhun Hour က ဥရောပသမဂ္ဂသို့ ကမ္ဘောဒီးယားဆန်တင်ပို့မှုအပေါ် အကာအကွယ်ပေးရေးအစီအမံများ ချမှတ်ခဲ့ခြင်းသည် ဆန်ဖြူမျိုးကွဲများအတွက် ဖိအားများဖြစ်စေသည်မှာ မှန်သော်လည်း ယခုအခါ အခြေအနေများအရ တိုးတက်လာပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်၍ ဥရောပဈေးကွက်သို့ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုမှာ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ရ၍ တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဂျက်စမင်းဆန် တင်ပို့မှုများတွင် သိသာကြောင်း၊ ယခုဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားကြိတ်ခွဲဆန်စက်၏ နာမည်ကျော်ကြားမှု ပြန်လည်ရရှိလာပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖူးခက်တွင်ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆန်ညီလာခံတွင်လည်း ကမ္ဘောဒီးယား ဂျက်စမင်းဆန် မျိုးကွဲတစ်ခုကို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ၅ နှစ်တိုင်တိုင် ဆုရရှိမှု စသည့် အောင်မြင်မှုများသည် ကမ္ဘောဒီးယားတောင်သူများ၊ ဆန်စက်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် အခြားဆန်ကဏ္ဍဆိုင်ရာ သက်ဆိုင်သူများကို အကျိုးကျေးဇူးများစေကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအရ ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၅၀၉,၂၄၉ တင်ပို့ခဲ့ပြီး ယခင်နှစ်တင်ပို့ခဲ့မှုထက် ၁၀.၆၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ကမ္ဘောဒီးယားဆန်ကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူပြီး ၎င်းနောက် ဥရောပသမဂ္ဂနှင့် အာဆီယံမှ အများဆုံးဝယ်ယူကြောင်း သိရှိရပါသည်။

Source: https://www.phnompenhpost.com/business/rice-export-boom-seen-following-eu-court-victory

International Trade News

Pages