အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ဘူတန်ခရီးစဉ်သည် တရုတ်-ဘူတန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေမည်

Mon, 10/31/2022 - 05:21 -- Dotbilateral

 အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Sun Weidong သည် မကြာသေးမီက ဘူတန်နိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးသွားရောက်ခဲ့ပါသည်။ သံအမတ်ကြီးသည် ဘူတန်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် ကတိပြုခဲ့ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့ပါသည်။

 တရုတ်-ဘူတန်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တရားဝင်မထူထောင်ရသေးသော်လည်း တရုတ်သံအမတ်ကြီး၏ ဘူတန်ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီး သည့်ဆက်ဆံရေးအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း တရုတ်ကျွမ်းကျင်သူ များက ပြောကြားခဲ့ပါသည်။ ခရီးစဉ်သည် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှုများ ပိုမို တိုးတက်ကောင်းမွန်လာစေရန်နှင့် နယ်နိမိတ်ဆွေးနွေးပွဲများကို အရှိန်မြှင့်ရန်အတွက် ၂၀၂၁ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆင့် (၃) ဆင့် လမ်းပြ မြေပုံကို အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်မည်ဟု ၎င်းတို့က ယုံကြည်လျက်ရှိပါသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ၎င်း၏ခရီးစဉ်အတွင်း သံအမတ်ကြီးသည် ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck ၊ ဘူတန်၀န်ကြီးချုပ် Lotay Tshering၊ နိုင်ငံခြားရေးဝန်ကြီး Tandi Dorji နှင့် အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 တွေ့ဆုံမှုများအတွင်း အဆင့် (၃) ဆင့် လမ်းပြမြေပုံဆိုင်ရာ နားလည်မှုစာချွန်လွှာအား  အကောင်အထည်ဖော်ရန်၊ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများကိုထိန်းသိမ်းရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့်ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန်၊ နယ်နိမိတ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်သွားရန်၊ နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတော်အတွက် တရုတ်-ဘူတန် ဆက်ဆံရေးတွင် တိုးတက်မှုအသစ်များကို တွန်းအားပေးသွားရန် တရုတ်နိုင်ငံအနေဖြင့် ဘူတန်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 သံအမတ်ကြီးမှ ဘူတန်နိုင်ငံသည် One China policy ကို အသိအမှတ်ပြုခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုများနှင့်အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး နှစ်နိုင်ငံသည် အချင်းချင်း ကူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် တရုတ်-ဘူတန် ဆက်ဆံရေးကို အထူးအလေးထားပြီး ဘူတန်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်အမြဲ လေးစားလျက် ဘူတန်နိုင်ငံမှ ရွေးချယ်ထားသော ဖွံ့ဖြိုးတိုး တက်ရေး လမ်းကြောင်းအား အလေးထားပါကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

 ဘူတန်နိုင်ငံဘက်မှလည်း တရုတ်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဖြေရှင်းကာ နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ဘူတန်နိုင်ငံ ခေါင်းဆောင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 သံအမတ်ကြီး၏ ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်စေပြီး နှစ်နိုင်ငံနယ်နိမိတ်ပြဿနာသည် ယခင်နှစ် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးနောက် အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် တိုးတက်နေကြောင်း ညွှန်ပြနေသည်ဟု တရုတ်လူမှုသိပ္ပံအကယ်ဒမီ၏ လေ့လာရေးဌာနက Global Times ကို ပြောကြားခဲ့သည်။

 တရုတ်နှင့် ဘူတန်တို့သည် ရွှေ့ဆိုင်းထားသော နယ်နိမိတ်ဆွေးနွေးပွဲများကို အရှိန်မြှင့်ရန်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် ဘူတန်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး မထူထောင်ရ သေးသော်လည်း နှစ်နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းထားပါသည်။

 COVID-19 ကပ်ရောဂါ၏ ခက်ခဲသော အချိန်ကာလတွင် တရုတ်နှင့် ဘူတန်တို့သည် အပြန်အလှန် ကူညီခဲ့ကြပြီး အချင်းချင်းဖလှယ်မှုများ သိသိသာသာတိုးမြင့်လာကာ ရေအား လျှပ်စစ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

Source- Global Times

International Trade News

Pages