အာဆီယံပေါင်းစည်းရေးအတွက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကအသင့်ဖြစ်

Tue, 01/13/2015 - 14:20 -- admin_ygn

   ယခုနှစ် နှစ်ကုန်မှာ ထူထောင်မယ့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ)မှ  အခွင့်အလမ်းများကို ရယူနိုင်ဖို့နဲ့ စိန်ခေါ်မှုကိုရင်ဆိုင်နိုင်ဖို့အတွက် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများက အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြပါတယ်။
   အေအီးစီက ကုန်စည်၊ ဝန်ဆောင်မှု၊ ကျွမ်းကျင်လုပ်သားနဲ့  မတည်ရင်းနှီးငွေ  လွတ်လပ်စွာစီးဆင်းနိုင်အောင် လမ်းခင်းပေးမှာဖြစ်ကြောင်း ဟိုချီမင်းစီးတီးဖွံ့ဖြိုးတိုးတက် မှုလေ့လာရေးအဖွဲ့   ညွှန်ကြားရေးမှူး ငုယင်ထရောင်ဟိုကပြောပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း  ကုန်စည်ခွန်တွေလျှော့ချပေးတဲ့အတွက် ဗီယက်နမ်စီးပွားရေးလုပ် ငန်းတွေတင်ပို့မှုကို တိုးမြှင့်ပေးမှာဖြစ်သလို ကမ္ဘာ့ကုန်ထုတ်လုပ်မှုခွင်ကြီး အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လမ်းခင်းပေးမှာဖြစ်ကြောင်း သူကပြောပါတယ်။ သို့သော်လည်း ပြည် တွင်း ပြည်ပဈေးကွက်နှစ်ခုစလုံးမှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံရမှာဖြစ်ကြောင်း  သူကသတိပေးပါတယ်။
  ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးတက်ရေးအတွက် ဖွဲ့စည်းတည်ဆောက်မှုပြန်လည်ပြင်ဆင်ရေး၊ ဝန်ဆောင်မှုတိုးတက်ကောင်းမွန်ရေးနဲ့  ထုတ်ကုန်သစ်များပေါ်ထုတ်ရေးအတွက်   သူ့ကုမ္ပဏီက  ကြိုးပမ်းဆောင်ရွက်နေကြောင်း ဟိုချီမင်းစီးတီး အစားအစာနဲ့ စားသောက်ကုန်အသင်းဥက္ကဋ္ဌနဲ့ Vissan Company Limited ညွှန်ကြားရေးမှူးချုပ် ဗန်ဒပ်မွိုင် ကပြောပါတယ်။
   အာဆီယံပေါင်းစည်းပြီးပါက အထိခိုက်ခံရမှု အများဆုံးမှာ  မွေးမြူရေးလုပ်ငန်းဖြစ်ပါတယ်။  ယှဉ်ပြိုင်နိုင်မှု  တိုးတက်ကောင်းမွန်ဖို့အတွက်  ဤကဏ္ဍရှိ စီးပွားရေးလုပ်ငန်းတွေ က ထုတ်လုပ်မှုမှဖြန့်ဖြူးမှုအထိ အဆင့်အားလုံးတွင် အချင်းချင်း ချိတ်ဆက်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း သူကပြောပါတယ်။
   ''ဗီယက်နမ်စားသုံးသူတွေက   အေးခဲအစားအစာနဲ့နှိုင်းယှဉ်ရင် အသားလတ်လတ်ဆတ်ဆတ်ကို ကြိုက်ပါတယ်။  ဒါကြောင့် ပြည်တွင်းထုတ်လုပ်သူတွေအတွက် အားသာ ချက်တစ်ခုဖြစ်စေပါတယ်။ ဒါပေမယ့်  ဈေးနှုန်းကတော့ ယှဉ်ပြိုင်တဲ့ဈေးနှုန်းဖြစ်ဖို့တော့ လိုအပ်ပါတယ်''လို့ သူက  ဗီယက်နမ်သတင်းအေဂျင်စီကိုပြောသည်။

ဉာဏ်တင်

International Trade News

Pages