အသေးစားလုပ်ငန်းများ၏ ဝင်ငွေတိုးတက်စေရေး ဉာဏပစ္စည်းမူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးရန် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနနှင့် ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့ သဘောတူညီချက် လက်မှတ်ရေးထိုး

Mon, 02/05/2024 - 03:21 -- wtodep

တီထွင်ဖန်တီးမှုလုပ်ငန်းများ၊ အားကစားနှင့် အစိမ်းရောင်နည်းပညာစသည့် ကဏ္ဍများတွင် လုပ်ကိုင်နေသည့် အသေးစားစီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် စွန့်ဦးတီထွင်လူငယ်များဦးဆောင်သည့် လုပ်ငန်းငယ်များကို ကူညီပေးရန်အတွက် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) နှင့် ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) တို့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲ၌ ITC အမှုဆောင်အရာရှိချုပ် Pamela Coke-Hamilton က အဖွဲ့အစည်း ၂ ခုလုံးက လူအများကို ကူညီရန်၊ မူပိုင်ခွင့်၏ ထင်သာမြင်သာရှိမှု၊ လုပ်ငန်းငယ်များ၏ ယှဉ်ပြိုင်နိုင်မှု တိုးတက်ရေးနှင့် ဈေးကွက်ဝင်ရောက်နိုင်ရေးတို့ကို ရည်ရွယ်ကြောင်း၊ ဉာဏ ပစ္စည်းမူပိုင်ခွင့်အရ ကာကွယ်ပြီး မည်သို့ငွေရှာရမည်ကိုသိခြင်းသည် သော့ချက်ဖြစ်ကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုတွင် ယင်းသော့ချက်ပါဝင်ကြောင်း ပြောကြားခဲ့သည်။

WIPO ညွှန်ကြားရေးမှူးချုပ် Daren Tang က ဉာဏပစ္စည်းမူပိုင်ခွင့်ကို ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ရှေ့နေများသာသိသည့် ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးတစ်ခုအဖြစ်သာမက စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစားစီးပွားရေးလုပ်ငန်း ငယ်များ၏ အမှတ်တံဆိပ်နှင့်အကြံဉာဏ်များကို စျေးကွက်သို့ချပြနိုင်ရန် ကူညီပေးသည့်အရာအဖြစ်​​ မြင်တွေ့ရ၍ ဝမ်းမြောက်မိကြောင်း၊ လက်ဆုပ်လက်ကိုင်ပြ၍မရသောကိစ္စများကို ထင်သာမြင်သာရှိအောင်ဆောင်ရွက်ခြင်းဖြင့် တိကျသောကိစ္စများကိုသာ အလေးအနက်ထားလိုကြောင်း ပြောကြားခဲ့ပါသည်။

ITC နှင့်WIPO တို့ကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများမှာ (၁) အမျိုးသမီးများပိုင်ဆိုင်သည့် လုပ်ငန်းများယှဉ်ပြိုင်မှုတိုးတက်ရေးနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ကို မောင်းနှင်အားအဖြစ် အသုံးပြုနိုင်ရေးလေ့ကျင့်ပေးရန်၊ (၂) စီးပွားရေးလုပ်ငန်းအထောက်အကူပြုအဖွဲ့အစည်း များတွင် မူပိုင်ခွင့်လမ်းညွှန်ကိုချပြရန်၊ (၃) အွန်လိုင်းသင်တန်းများဖွင့်ပြီး ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှုနှင့်ဒေသအသီးသီး ပြန်လည်ထူထောင်ရေးလူငယ်များဦးဆောင်သည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း ၁၇၀၀ ပါဝင်သည့် အစီအစဉ် (ecopreneur) ကို ပိုမိုကျယ်ပြန့်စေရန်၊ ဩဇာ လွှမ်းမိုးသူများ(influencer) အား ပံ့ပိုးသည့် အစီအစဉ်ကို ဖော်ဆောင်ပေးရန်၊ အားကစားနှင့် စွန့်ဦးတီထွင်မှု အရှိန်မြှင့်သည့်အစီအစဉ်ကို စတင်ရန်၊ (၄) စီးပွားရေးကျွမ်းကျင်သည့် အား ကစားသမားများအား ၎င်းတို့၏ အမှတ်တံဆိပ်ကို အကောင်းဆုံးအသုံးချနိုင်ရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် လူနည်းစုတိုင်းရင်းသားများအား ပံ့ပိုးကူညီရန်၊ မူပိုင်ခွင့်ဆိုင်ရာငွေကြေးထောက်ပံ့မှုနှင့် ဉာဏ်ရည်တုနယ်ပယ်များတွင် အဖွဲ့အစည်း ၂ ခုလုံးက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ITC သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

Source: ITC

International Trade News

Pages