အရေပြားကင်ဆာရောဂါဖြစ်ပွားမှု များပြားနေသဖြင့် နေပူစာလှုံကုတင်များတင်သွင်းခြင်းကို သြစတြေးလျ ပိတ်ပင်

Thu, 01/08/2015 - 13:18 -- admin_ygn

   သြစတြေးလျနိုင်ငံသည် နိုင်ငံအတွင်း အရေပြားကင်ဆာရောဂါ  ဖြစ်ပွားသည့်ဦးရေ တစ်နေ့တခြား များပြားလာမှုကို ထိန်းချုပ်သည့်အနေဖြင့် နေပူစာလှုံရန် အထူးပြုလုပ်ထား သည့် နေပူစာလှုံကုတင်များ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်လိုက်ကြောင်းသိရသည်။
   အဆိုပါပိတ်ပင်တားမြစ်ချက်သည် ဇန်နဝါရီ ၁ ရက်မှ စတင်အကျုံးဝင်သည်ဟု ဆိုသည်။ ယင်း ကဲ့သို့ နေပူစာလှုံကုတင်များတင်သွင်းခြင်းကို ပိတ်ပင်တားမြစ်လိုက်ခြင်းအား သြစတြေးလျ ကင်ဆာရောဂါတားမြစ်ထိန်းချုပ်ရေးနှင့်  ကာကွယ်ကုသရေးကောင်စီက ကြိုဆိုလိုက်သည်။
''သြစတြေးလျနိုင်ငံဟာကမ္ဘာပေါ်မှာ အရေပြားကင်ဆာရောဂါ အဖြစ်ပွားဆုံး နိုင်ငံတစ်နိုင်ငံပါ''ဟုအဆိုပါကောင်စီ၏ အကြံပေးဒါရိုက်တာတစ်ဦးဖြစ်သူ ပေါလ်ဂရိုအန် က ပြောကြားခဲ့သည်။
   သြစတြေးလျနိုင်ငံမှ ပြည်သူများသည် မကြာ ခဏဆိုသလို နေပူစာလှုံသည့် အလေ့အထရှိနေရာ ကမ်းခြေများ၊  ပင်လယ်ကမ်းစပ်များတွင် နေပူစာလှုံလေ့ရှိကြသည်။
   နေပူစာလှုံခြင်းသည် ကောင်းမွန်သော်လည်း နေရောင်ခြည်တွင်ပါဝင်သည့် ခရမ်းလွန်ရောင် ခြည်သည် အရေပြားကင်ဆာကို ဖြစ်ပေါ်စေနိုင်သဖြင့် အဆိုပါကုတင်များ တင် သွင်းခွင့်ကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး မာ့ခ်မက်အာဒဲလ်က ပြောကြားခဲ့သည်။
   ''သြစတြေးလျနိုင်ငံရဲ့ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းဟာ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်တို့ရဲ့ဖြစ်ပွားမှုနှုန်းနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ သုံးဆလောက်မြင့်နေတယ်။ ကွင်းစလန်ပြည် နယ်မှာဆို ရင် အရေပြားကင်ဆာဖြစ်ပွားသူဦးရေဟာ တော်တော်လေးကို မြင့်တက်နေပါတယ်''ဟု ၎င်းကပြောကြားခဲ့သည်။
   ပြည်သူ့ကျန်းမာရေးဆိုင်ရာ လှုပ်ရှားသူများကလည်း  အရေပြားကင်ဆာ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများ သတိမူမိစေရန် နေရောင်ကာများ၊ ဦးထုပ်များ၊ နေကာ မျက်မှန် များကို ဝတ်ဆင်ပြီးမှသွားလာကြရန် နှိုးဆော်လျက်ရှိသည်ဟုဆိုသည်။
  သြစတြေးလျနိုင်ငံသည်   အန္တာတိကတိုက် နှင့် အနီးဆုံးနေရာတွင် တည်ရှိနေရာ အိုဇုန်းလွှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ခရမ်းလွန် ရောင်ခြည်ထွက်ပေါ်မှုအဆင့် သည် အဆမတန်များပြားနေကြောင်း  ကျန်းမာရေးဝန်ကြီးက ဆိုသည်။ သြစတြေးလျနိုင်ငံတွင် ၂၀၁၁ ခုနှစ်က အရေပြားကင်ဆာကြောင့် လူပေါင်း ၂၀၀၀ကျော် သေဆုံးခဲ့ ရကြောင်း၊ သြစတြေးလျကင်ဆာကောင် စီ၏ ဆန်းစစ်ချက်များအရ နေပူစာလှုံသည့် လူ ပေါင်း ၆၃၀၀ ကို  လေ့လာခဲ့ရာတွင် အများစုမှာ လူငယ်များနှင့်  အရွယ်ရောက်ပြီးသော သူများဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။
   ဥရောပနိုင်ငံ အများအပြားနှင့် အမေရိကန်နိုင်ငံတို့တွင် အဆိုပါနေပူစာလှုံကုတင်များ တင်သွင်းခြင်းကိုပိတ်ပင်ထားကြောင်းသိရသည်။

မယ်သီတာ

 

International Trade News

Pages