အဓိကစီးပွားရေးလုပ်ငန်းကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုနှေးလာခြင်းနှင့်အတူ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ အားနည်းနိုင်ခြင်း

Mon, 01/09/2023 - 08:20 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ဆောင်မှုကုန်သွယ်ရေး အညွှန်းကိန်းပြဘာရိုမီတာ (WTO Services Trade Barometer) အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းများသည် အားနည်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းထိ ဆက်လက် အားနည်းမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများသည် ကပ်ရောဂါဖြစ်ပွား ပြီးနောက်စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် ကြိုးပမ်းနေသော်လည်း စီးပွားရေးတိုးတက်မှု နှုန်းလျော့နည်းနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ website တွင် ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ဆောင်မှုကုန်သွယ်ရေးဘာရိုမီတာတွင် အခြေခံညွှန်းကိန်း ၁၀၀ ကို စံချိန်ထားပြီးကြည့်ပါက ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့ဝန်ဆောင်မှု ကုန်သွယ်ရေးညွှန်းကိန်းသည် ၁၀၅.၅ ရှိခဲ့သော်လည်း အောက်တိုဘာလတွင် ၉၈.၃ သို့ ကျဆင်းခဲ့ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ် ရေးဆိုင်ရာ တွေ့ရှိချက်များသည် ကုန်စည်ကုန်သွယ်မှု အညွှန်းကိန်းပြဘာရိုမီတာ (Goods Trade Barometer) အရ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ကာလမှ ၂၀၂၃ ခုနှစ် အတွင်း ကုန်သွယ်မှုပမာဏ လျော့နည်း လာသည့်တွေ့ရှိချက်များနှင့်လည်း ကိုက်ညီကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေးပမာဏသည် ၂၀၂၂ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း ခရီးသွားခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများအတွက် အသုံးပြုမှုများကြောင့် ကူးစက်ကပ် ရောဂါ မဖြစ်ပွားမီကာလက ပမာဏထက်ပိုများခဲ့ပြီး တတိယသုံးလပတ်အထိ ဆက်လက်အားကောင်းနေမည်ဟု မျှော်လင့်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများ၏ နှစ်အလိုက်တိုးတက်မှုသည် ဘာရိုမီတာညွှန်းကိန်းအရ ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ်တွင် အလယ်အလတ်အဆင့်မှ စတုတ္ထသုံးလပတ်တွင် ကျဆင်းသွားမည်ဟု ခန့်မှန်းမှုကြောင့် အဓိကဝန်ဆောင်မှုစီးပွားရေး လုပ်ငန်းကြီးများသည်လည်း ကျဆင်း နိုင်ကြောင်းခန့်မှန်းရပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေး အညွှန်းကိန်းပြဘာရိုမီတာအရ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသည် အညွှန်းကိန်း ၁၀၇.၈ ကို ညွှန်ပြနေသောကြောင့် ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများထက် ပိုမိုအခြေအနေကောင်းမွန်ကြောင်း၊ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများအတွက် အညွှန်းကိန်း (၉၂.၉)၊ ကွန်တိန်နာသယ်ယူပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအတွက် အညွှန်းကိန်း (၉၂.၈) နှင့် ဝယ်ယူရေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် အညွှန်းကိန်း (၉၁.၁) တို့မှာ ကျဆင်းနေကြောင်း သိရှိရပါသည်။

Source: https://www.wto.org/english/news_e/news22_e/wtoi_22dec22_e.htm

International Trade News

Pages