သမိုင်းဝင် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုပြုရန် အစိုးရများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က တိုက်တွန်းထား

Tue, 10/11/2022 - 05:20 -- wtodep

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

သမိုင်းဝင်ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းဖြင့် သမုဒ္ဒရာရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အဓိကခြေလှမ်းတစ်ရပ် ရှေ့ဆက်လှမ်းနိုင်ရန် အခွင့်အလမ်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက ဆုပ်ကိုင်ရယူသင့်ကြောင်း  စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် WTO Public Forum တွင် ပါဝင်ဆွေးနွေးသူများက တိုက်တွန်းလိုက်ပါသည်။ ဂျီနီဗာတွင် နောက်ထပ်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ပြင်ဆင်နေချိန်၌  WTO အဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်ရာနိုင်ငံများရှိ မူဝါဒများနှင့်အညီ အရေးတကြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

ယခုအရေးကြီးသောအဆင့်မှာ သဘောတူညီချက်ကို အသက်ဝင်စေရန်ဖြစ်ကြောင်း၊  အဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံက ၎င်းတို့ဘက်မှ စာချုပ်အား သဘောတူလက်ခံကြောင်းကို WTO ထံ ပေးပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ သဘောတူညီချက်၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို စတင်နိုင်မည်ဖြစ်ကြောင်း  ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellard ကWTO Public Forum ၌ ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) များရှိ ငါးဖမ်းသူများ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍၊ ကမ္ဘာလုံး၏ ငါးလုပ်ငန်းဆိုင်ရာရင်းမြစ်များအား ကာကွယ်ရန်အတွက် အချို့သောအထောက်အပံ့ပေးမှုများကို တားမြစ်ပိတ်ပင်ထားသည့် သဘောတူစာချုပ်ကို ဇွန်လအတွင်း ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံတွင် သဘောတူညီမှု ရရှိခဲ့ကြပါသည်။ သဘောတူညီချက်ပါ စည်းကမ်းချက်များအပေါ် ထပ်မံဆွေးနွေးညှိနှိုင်းမှုများကို အဖွဲ့ဝင်နိုင်ငံများက ပြုလုပ်သွားရန် သဘောတူညီချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အသိပေးအကြောင်းကြားရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်၊ နည်းပညာအကူအညီနှင့် စွမ်းရည်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍လည်း ပြဋ္ဌာန်းချက်များကို ဖော်ပြထားပါသည်။ ၎င်းကိစ္စရပ်များမှာ သဘောတူစာချုပ် အသက်ဝင်ဆောင်ရွက်နိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်မှုများကို ပံ့ပိုးကူညီပေးထားကြောင်း WTO ၏ စည်းမျဉ်းများဌာနခွဲမှ ဒါရိုက်တာ Clarisse Morgan က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး Adamu Mohammed Abdulhamid က သဘောတူညီချက်အား တရားဝင်လက်ခံကြောင်း အကြောင်းပြန်ကြားရန် ဆောင်ရွက်နေသည့် နိုင်ဂျီးရီးယားအစိုးရ၏ လုပ်ငန်းစဉ်အပေါ် နောက်ဆုံးဖြစ်ပေါ်တိုးတက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကာ၊  အချို့သော IUU (တရားမ၀င်သော၊ အစီရင်ခံမထားသော၊ စည်းကြပ်မှုမရှိသော) ငါးဖမ်းဆီးခြင်းနှင့် ငါးအလွန်အကျွံဖမ်းဆီးခြင်းတို့အား ဤကမ္ဘာ့စည်းမျဉ်းက စည်းကမ်းများ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးဖမ်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုအတွက် တန်းတူအခြေအနေပေးသွားမည်ဖြစ်ရာ၊ ၎င်းနိုင်ငံများ၏ စီးပွားရေးအပေါ်  ကြီးမားစွာ တိုးတက်မှုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသံအမတ်ကြီး Pimchanok Pitfield က IUU (တရားမ၀င်သော၊ အစီရင်ခံမထားသော၊ စည်းကြပ်မှုမရှိသော) ငါးဖမ်းခြင်းအတွက် ထောက်ပံ့ကြေးများ တားမြစ်ခြင်းအပါအဝင် သဘောတူညီချက်ကို အကောင်အထည်မဖော်မီ အခြားအရေးကြီးသည့် လုပ်ငန်းများအပေါ် အသားပေးပြောကြားခဲ့ပါသည်။ ထိုင်းသံအမတ်ကြီး၏ ပြောကြားချက်အရ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ရန်ပုံငွေကို အသုံးပြုရန်ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို တိုက်တွန်းခဲ့ပြီး၊  WTO ငါးဖမ်းလုပ်ငန်းရန်ပုံငွေယန္တရား ထူထောင်ရန် ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းကိုကြိုဆိုခဲ့ပါသည်။  နောက်ထပ်ညှိနှိုင်းမှုများနှင့်ပတ်သက်၍ သံအမတ်ကြီးက ထောက်ပံ့ကြေးအဆင့်ဆိုင်ရာ အချက်အလက်ကဲ့သို့သော ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ လုပ်ငန်းများကို ပိုမိုလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။

နော်ဝေ၏ အမြဲတမ်းကိုယ်စားလှယ် Benedicte Fleischer က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငါးအလွန်အကျွံဖမ်းမှုနှင့် ငါးဖမ်းမှုလွန်ကဲခြင်းဆိုင်ရာ စည်းကမ်းများကို တိုးမြှင့်ရန် အောင်မြင်သော စေ့စပ်ဆွေးနွေးမှုတစ်ခုကို ဒုတိယအကြိမ်ပါဝင်ကြရန်  လိုအပ်မည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

International Institute for Sustainable Development မှ Alice Tipping က ဒုတိယအကျော့ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများက အဖွဲ့ဝင်များအား နည်းပညာအကူအညီများကို ဆက်လက်ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး၊ မကြာမီထွက်ရှိတော့မည့် International Institute for Sustainable Development (IISD) လက်စွဲမှာ အစိုးရများအား သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒများနှင့် လိုအပ်ချက်များကို စစ်တမ်းကောက်ယူနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

Source: https://www.wto.org/english/news_e/news22_e/fish_29sep22_e.htm

 

မေစပယ်စိုး

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages