ယွမ်ငွေကြေးကို ဈေးကစားနေခြင်းမဟုတ်ဟု တရုတ်နိုင်ငံက ငြင်းဆို

Wed, 12/24/2014 - 15:14 -- admin_ygn

   တရုတ်နိုင်ငံက ပို့ကုန်လုပ်ငန်းတွေအတွက် အသုံးချတဲ့အနေနဲ့  ယွမ်ငွေကြေးကို ဈေးကစားနေခြင်းမဟုတ်ကြောင်း တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ရှန်ဒန်ယန်းက ဒီဇင်ဘာ ၁၆ ရက်မှာပြောကြားခဲ့တာကို ကိုးကားပြီး ရှင်ဝှာသတင်းမှာဖော်ပြပါတယ်။
   တရုတ်နိုင်ငံနဲ့  အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံအကြားဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးချိန်ခွင်လွှာမညီမျှမှုတွေကို အဆုံးအဖြတ်ပေးတဲ့ သို့မဟုတ် ထိခိုက်စေတဲ့ အဓိက အကြောင်းရင်းက ငွေကြေးဖလှယ်နှုန်းတွေ မဟုတ်ကြောင်း သူကပြောပါတယ်။
   တရုတ်နိုင်ငံအနေနဲ့မတ်လအတွင်းကနိုင်ငံရဲ့ ငွေကြေးဖလှယ်မှုစနစ်ကိုပြုပြင်ပြောင်းလဲခဲ့ပြီးငွေကြေးတန်ဖိုးမျှောထားတဲ့ခွင်ကို ပိုမိုချဲ့ထွင်ပေးခဲ့ပါတယ်။ ဒါကြောင့် ငွေတန်ဖိုး က အတက်အကျ ပိုမိုဖြစ်ပွားပြီး ဒီလိုဖြစ်ဖို့အတွက် အထောက်အကူပေးနေတဲ့  အကြောင်းတရားတွေအများအပြားရှိနေခဲ့ရာ ဒီအထဲမှာ အမေရိကန်ကတရုတ်နိုင်ငံကို တင်ပို့နေ တဲ့ပို့ကုန်တွေအပေါ်မှာ ကန့်သတ်မှုတွေလည်းပါဝင်တယ်လို့ သူကပြောပါတယ်။
   တရုတ်နိုင်ငံရဲ့ စုစုပေါင်းသွင်းကုန်တွေထဲမှာ တရုတ်နိုင်ငံကိုအမေရိကန်ကတင်ပို့တဲ့  အဆင့်မြင့်နည်းပညာ ပို့ကုန် တွေရဲ့အချိုးအစားက ၂၀၀၁ ခုနှစ်မှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၃ ခုနှစ်မှာ ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သူကပြောပါတယ်။
   ယွမ်ငွေတန်ဖိုးက ယခုနှစ်အတွင်း ယူရိုနဲ့ဖလှယ်ရာမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ပေါင်စတာလင်နဲ့  ဖလှယ်ရာမှာ ၄ ဒသမ ၂ ရာခိုင်နှုန်း အသီး သီး မြင့်တက်ခဲ့ပါတယ်။ ယခုနှစ် ပထမ ၁၀လအတွင်းမှာ ယွမ်တန်ဖိုးအမှန်တကယ်မြင့်တက်မှု ၂ ဒသမ ၃၇ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံက သူရဲ့ပို့ကုန်လုပ်ငန်းအတွက် ယွမ်ငွေကြေး တန်ဖိုးကို တမင်ချထားတယ်လို့ အမေရိကန်-တရုတ်စီးပွားရေးနဲ့လုံခြုံ ရေးလေ့လာသုံးသပ်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဝေဖန်ပြောဆိုပြီးနောက်ပိုင်း တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ် တဲ့ သတင်းစာရှင်လင်းပွဲမှာ ရှန်ကယခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages