ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (RCEP) ၌ ဟောင်ကောင်ပါဝင်လာနိုင်ဖွယ်ရှိ

Tue, 12/13/2022 - 05:14 -- wtodep

အာရှနှင့် ပစိဖိတ်နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ထားရှိဆောင်ရွက်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Regional Comprehensive Economic Partnership) ၌ ဟောင်ကောင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်ဖြစ်သူ မစ္စတာ လီခချန်းအဆိုပြုမှုအား ကိုးကားလျက် တောင်တရုတ် နိုင်ငံပိုင်သတင်းစာ (South China Morning Post) ၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သဘောတူညီချက် (RCEP agreement) စတင်အသက်ဝင်ခဲ့သည့် နေ့ရက်ဖြစ်သော ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မစ္စတာ လီခချန်းက အဆိုပြုခဲ့ခြင်းဖြစ်ပြီး RCEP ၏ အဓိကအဖွဲ့ဝင် အာဆီယံနိုင်ငံ (၁၀) နိုင်ငံက ဟောင်ကောင်အား RCEP ၌ ပါဝင်လာရန် ကြိုဆိုကြောင်း ဖော်ပြထားပါသည်။

မစ္စတာ လီခချန်းက ဟောင်ကောင်အနေဖြင့် တရုတ်နှင့် ကမ္ဘာ့နိုင်ငံများအကြား ပေါင်းကူးဆက်သွယ်ရန် မဟာဗျူဟာမြောက် အခြေအနေရှိသောကြောင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်အပေါ် ထိရောက်စွာအကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ အာဆီယံနိုင်ငံများသည် ၂၀၂၁ ခုနှစ်ကတည်းကပင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၀ ဘီလီယံကျော်ဖြင့် ဟောင်ကောင်အတွက် ဒုတိယအကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မူလအာဆီယံ (၁၀) နိုင်ငံနှင့် သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့ပါဝင်ထားသည့် အဆိုပါ RCEP သည် ကမ္ဘာ့ကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်၊ ကမ္ဘာ့ပြည်တွင်း အသားတင်ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းခန့်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၃၀ ရာခိုင်နှုန်းနီးပါးခန့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သော ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က လာမည့် ၂၀၂၃ ခုနှစ်တွင် ဟောင်ကောင်အား RCEP ၏ အဖွဲ့ဝင်ဖြစ်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ သဘောတူလက်မှတ်ရေးထိုးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ တော်ဝင်တက္ကသိုလ် (Royal Academy) မှ စီးပွားရေးသုတေသန ပြုသူတစ်ဦးကလည်း  ဟောင်ကောင်သည် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ဆိပ်ကမ်းများရှိသောကြောင့် RCEP ၏ အလားအလာရှိသော စီးပွားရေးဇုန်တစ်ခုဖြစ်လာနိုင်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပေးအပ်သည့် အကောက်ခွန်ကင်းလွတ်ခွင့်များကို ဟောင်ကောင်မှ ခံစားနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ၎င်းတို့၏ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။

Source: https://www.phnompenhpost.com/business/hong-kong-close-joining-rcep-agre...

International Trade News

Pages