တောင်ကိုရီးယားအစိုးရလုပ်ငန်းကြီး လေးခုအား ဒေါ်လာ၁၅ ဘီလီယံနီးပါး ဒဏ်ကြေးတပ်ရိုက်

Thu, 01/15/2015 - 10:35 -- admin_ygn

   Korea Fair Trade Commission က ကိုရီးယားအစိုးရ လုပ်ငန်းကြီးလေးခုအား ဥပဒေနှင့်မညီသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် စုစု ပေါင်းဝမ် ၁၆ ဘီလီယံ ဒေါ်လာ ၁၄ ဒသမ ၅ မီလီယံ ဒဏ်ကြေးတပ်ရိုက်ခဲ့ သည်။ Korea Electric Power Corporation (Kepco) Korea Expressway Corporation, Korea Railroad Corporation (Korail)  နှင့် Korea Oil Corporation တို့သည် ၎င်းတို့၏လုပ်ငန်းခွဲများကို မျက်နှာသာပေးသော စီးပွားရေးအမူအကျင့်များဆောင်ရွက်ခဲ့ခြင်းကြောင့် ဒဏ်တပ်ရိုက် ရခြင်းဖြစ်ကြောင်း Korea Fair Trade Commision (FTC) က ဇန်နဝါရီ ၁ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
   ၂၀၀၈ ခုနှစ်မှ ၂၀၁၂ခုနှစ်အတွင်း Kepco သည် Korea Electric Power Industrial Development (Kepid) ကုမ္ပဏီအား thermal power station ငါးခုကို ဆောင်ရွက် ရန်ခွင့်ပြုပေးခဲ့သည်။ ယင်းလုပ်ငန်းတွင် လျှပ်စစ်မီတာဖတ်ခြင်း၊ ဓာတ်အားရုံခွဲများကို ထိန်းသိမ်းခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကြွင်းကျန်ပြာများကို ပြန်လည် အသုံးပြုခြင်း၊ အထွေထွေ လုပ်ငန်းများအတွက် အဆောက်အအုံများငှားရမ်းခြင်း စသည့်လုပ်ငန်းများပါဝင်သည်။ Kepid သည် Kepco ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။
   Kepco နှင့် ဓာတ်အားခွဲရုံ ငါးခုကြား ငွေပေးငွေယူဆောင်ရွက်ရာတွင် လည်း Kepco KDN ခေါ်သည့် အိုင်တီပစ္စည်းများနှင့်ဝန်ဆောင်မှုများ ထောက်ပံ့ပေးသည့် ကုမ္ပဏီ သည် စာချုပ်တန်ဖိုး အပေါ်၁၀ ရာခိုင်နှုန်းယူထားပြီး၊ ၎င်း၏ အိုင်တီပစ္စည်းများကိုလည်း ဓာတ်အားခွဲရုံများသို့ရောင်းချသည်။ ၎င်းအပြင် Kepid သည် လျှပ်စစ်ဓါတ်အားဖတ်သည့် လုပ်ငန်းသုံး ပစ္စည်းများအား ပုံမှန်စစ်ဆေးရန် Jeonwoo Business Company အား စာချုပ်ဖြင့်ငှားရမ်းဆောင်ရွက်စေခဲ့သည်။ ယင်းကုမ္ပဏီ၏ ဝန်ထမ်းများသည် Kepco  ၏ ဝန်ထမ်းဟောင်း များဖြစ်ကြောင်း FTC က စစ်ဆေးတွေ့ရှိခဲ့သည်။
   Kepco သည် ၂၀၁၁ခုနှစ်မတ်လ မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ငန်း ၈၀ခုချထားပေးခဲ့သည့် ဆပ်ကန်ထရိုက်များထံမှ အခကြေးငွေ အချို့ပြန်လည်ရယူထားခဲ့သည်။ Kepco ၏ အဆိုအရ စာချုပ်စတင် ချုပ်ဆိုရာတွင် အမှားအယွင်းအချို့ရှိခဲ့ ၍ငွေကြေးအချို့ပြန်လည်ရယူရ ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။ ၎င်းအပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း Kepco အား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီငယ်များသို့ ဝန်ထမ်းထောက်ပံ့ပေးရန် ပျက်ကွက်ခဲ့သည်။ထိုအကြောင်း အချက်များကြောင့် FTC က Kepco အား ဒဏ်ကြေး ၁၁ ဒသမ ၁ ဘီလီယံဝမ် ထပ်ရိုက်ခဲ့သည်။
   Korea Expressway Corporation သည် အမြန်လမ်းများ စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ယခင်ဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပုဂ္ဂလိကကုမ္ပဏီ အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဝမ် ၁ ဒသမ ၉ ဘီလီယံ ဒဏ်ကြေးတပ်ရိုက်ခံရသည်။ Korail သည်လည်း ၎င်း၏လုပ်ငန်းခွဲ Korail Networks အား အဆမတန်နည်းပါးသော ဈေးနှုန်းဖြင့် ၎င်းပိုင်မြေနေရာများ ကိုငှားရမ်းခဲ့ကြောင်းတွေ့ရှိရသည်ဟု FTC  ကပြောဆိုခဲ့သည်။ Korea  National Oil သည် ၎င်း၏ ဆပ် ကန်ထရိုက်များကို ကျသင့်ငွေများပေးချေရန် ကြန့်ကြာခဲ့ကြောင်းတွေ့ရှိရသည်။
   ဖော်ပြပါကိုရီးယားအစိုးရပိုင်ကော်ပိုရေးရှင်းကြီးများသည်၎င်းတို့၏အမြတ်အစွန်းများပိုမိုရရှိရန်ရည်ရွယ်၍မမျှတသောလုပ်ငန်းဆောင်ရွက်ချက်များလုပ်ဆောင်နေကြောင်းတွေ့ ရှိရသဖြင့် FTC ကပြင်းပြင်းထန်ထန် အရေးယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု FTC ၏ ညွှန်ကြားရေးမှူးချုပ် Kim JaeJung ကပြောဆိုခဲ့သည်။ ၎င်းအပြင် ကိုရီးယား အစိုးရ ပိုင်အခြား ကော်ပိုရေးရှင်းများဖြစ်ကြသော Korea Land and Housing Corporation, Korea Water Resources Corporation, Korea District Heating Corporation တို့ကိုလည်း မကြာမီ ၎င်းတို့၏မမျှတသောလုပ်ငန်းဆောင်ရွက်ချက်များကို စစ်ဆေးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းညွှန်ကြားရေးမှူးချုပ်က ထပ်ဆင့်သတိပေးချက် ထုတ်ပြန်ခဲ့သည်။ Kepco သည် ယင်း၏မှားယွင်းသော လုပ်ငန်းဆောင်ရွက်ချက်များကိုဇန်နဝါရီ ၁ရက်နေ့ ကဝန်ခံခဲ့ပြီး၊ ပြုပြင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့။

 

International Trade News

Pages