တရုတ်လက်ဖက်ခြောက်သည် ယူနက်စကိုစာရင်းတွင် ပါဝင်လာခြင်း

Tue, 12/06/2022 - 06:33 -- Dotbilateral

  ကမ္ဘာတွင် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက တည်ခင်းဧည့်ခံသုံးစွဲခဲ့သော လက်ဖက် ခြောက်သည် နောက်ဆုံးတွင် လူသားတို့၏ ယဉ်ကျေးမှုရတနာတစ်ခုအဖြစ် ကမ္ဘာ့ထိပ်တန်းအဆင့် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။

  တရုတ်နိုင်ငံရှိ ရိုးရာလက်ဖက်ခြောက်ထုတ်လုပ်ခြင်း နည်းစနစ်များနှင့် ၎င်းနှင့် ဆက်စပ်သည့် အလေ့အထများကို ယူနက်စကို၏ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခံရခြင်း ဖြစ်ပြီး မော်ရိုကိုနိုင်ငံ၊ Rabat တွင်ကျင်းပသည့် ကိုင်တွယ်ထိတွေ့၍မရသော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကော်မတီမှ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ အသိအမှတ်ပြုခြင်းတွင် လက်ဖက်စိုက်ခင်းများကို စီမံခန့်ခွဲခြင်း၊ လက်ဖက်ရွက်ခူးဆွတ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သောက်သုံးခြင်းနှင့် မျှဝေခြင်း ဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် အလေ့အကျင့်များ ပါဝင်သည်။

  UNESCO ၏ အဆိုအရ တရုတ်နိုင်ငံတွင် ရိုးရာလက်ဖက်ခြောက် စနစ်တကျ ထုတ်လုပ်ခြင်းနည်းစနစ်များသည် ပထဝီဝင်အနေအထား၊ သဘာဝပတ်ဝန်းကျင်တို့နှင့် နီးကပ်စွာဆက်စပ်နေပြီး မြောက်လတ္တီကျု 18°-37°N နှင့် အရှေ့လောင်ဂျီကျု 94°-122°E အကြားတွင် ရှိပါသည်။ အဆိုပါ နည်းစနစ်များကို Zhejiang, Jiangsu, Jiangxi, Hunan, Anhui, Hubei, Henan, Shaanxi, Yunnan, Guizhou, Sichuan, Fujian, Guangdong and Guangxi စသည့် ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် အဓိကအားဖြင့် တွေ့ရှိရပါသည်။ ရိုးရာလက်ဖက်ခြောက်ထုတ်လုပ်ခြင်း အလေ့အကျင့်များသည် တရုတ်နိုင်ငံတဝှမ်းတွင် ပြန့်နှံ့နေပြီး လူမျိုးစု အများအပြားက အသုံးပြုကြပါသည်။

  တရုတ်နိုင်ငံတွင် လက်ဖက်မျိုးကွဲ ၂၀၀၀ ကျော်ကို စိုက်ပျိုးကြပြီး အစိမ်းရောင်၊ အနက်ရောင်၊ အဝါရောင်၊ အိုလောင်၊ အဖြူရောင်နှင့် အနက်ရောင်စသည့် အဓိကအားဖြင့် အုပ်စု(၆) မျိုး ရှိပါသည်။

  လက်ဖက်နှင့်ပတ်သက်သည့် ဓလေ့ထုံးစံများသည် နိုင်ငံတစ်ဝှမ်းတွင်သာမက ရှေးခေတ် ပိုးလမ်းမကြီးနှင့် ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် ကမ္ဘာအနှံ့အပြားသို့ပါ ပျံ့နှံ့လွှမ်းမိုးခဲ့ပါသည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ယူနက်စကိုသို့ ရှင်းလင်းတင်ပြသည့် စာရွက်စာတမ်းအရ လက်ဖက်ရည်သည် တရုတ်လူမျိုးများ၏ နေ့စဉ်ဘဝတွင် မပါမဖြစ်အရာတစ်ခု ဖြစ်ပါသည်။ လက်ဖက်ရည်ကို အိမ်၊ အလုပ်ခွင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘုရားကျောင်းများတွင် တည်ခင်းဧည့်ခံကြပြီး လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်နှင့် မင်္ဂလာဆောင်စသည့် အရေးကြီးအခမ်းအနားများ၌ ဧည့်ခံနှုတ်ဆက်ရာတွင် အရေးပါသောအရာအဖြစ် အသုံးပြုကြပါသည်။

  လက်ဖက်ရည်ဖြင့် ဧည့်သည်များကို တည်ခင်းဧည့်ခံနှုတ်ဆက်ခြင်းနှင့် မိသားစုဝင်များ အကြားနှင့် အိမ်နီးချင်းများအကြား လက်ဖက်ရည်သုံးဆောင်ခြင်းဖြင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်သည့်အလေ့အကျင့်ကို တိုင်းရင်းသားလူမျိုးစုများကြားတွင် ဆောင်ရွက်လေ့ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည်  လူမှုအသိုင်းအဝိုင်း၊ လူမျိုးစုများနှင့် လူတစ်ဦးချင်းစီအတွက် အသိအမှတ် ပြုရာရောက်ပြီး ရေရှည်ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်သည်ဟု ဖော်ပြထားပါသည်။

  တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် အမျိုးသားအဆင့် ကိုင်တွယ်ထိတွေ့၍ မရနိုင်သော ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (၄၄)မျိုးသည် လက်ဖက်ခြောက်နှင့် ဆက်စပ်ပတ်သက်နေပါသည်။ တရုတ်နိုင်ငံတွင် လက်ဖက်ကို သိပ္ပံနည်းကျနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ပတ်သက်ပြီး အဓိက သင်ကြားပို့ချသည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကောလိပ် ၄၀ ကျော် နှင့်တက္ကသိုလ် ၈၀ ကျော် ရှိပြီး လက်ဖက်ထုတ်လုပ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အထူးပြုဘွဲ့ရ ကျောင်းသား ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

Source- China Daily

International Trade News

Pages