တရုတ်နှင့်ထိုင်းနှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၄ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ကျင့်သုံးတော့မည်

Fri, 02/02/2024 - 05:10 -- wtodep

တရုတ်နှင့်ထိုင်းနှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ တရားဝင်စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

နှစ်နိုင်ငံနှစ်ပတ်လည်အစည်းအဝေးအပြီး ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဗာဟစ်ဒါနုကရာနှင့် ပူးတွဲ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရီက ယခုသဘောတူညီချက်ကြောင့် နှစ်နိုင်ငံပြည်သူများအကြား ခရီးသွားလာမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ တရုတ်နှင့်ထိုင်းသည် တစ်မိသားစုတည်းဖြစ်၍ နှစ်နိုင်ငံပြည်သူများအကြားချစ် ကြည်မှုနှင့် နှောင်ကြိုးများ ပိုမိုခိုင်မာရေး ၊ ပိုမိုကောင်းမွန်သော ဘဝများရရှိရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်ရီက ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော တရုတ်ပြည် (One China Policy) ကို ထောက်ခံမှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့လုံခြုံရေးနှင့် ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ကနဦး အစီအစဉ်များအပေါ် တက်ကြွစွာထောက်ခံမှုများကို အသိအမှတ်ပြုခဲ့ပါသည်။

ဝမ်ရီက နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများမှ ရလဒ်များကို တူညီသောအနာဂတ်နှင့် ပိုမိုကျယ်ပြန့်သော သဘောတူညီမှုများဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ပြည့်ပီဖြစ်ရာ ရာစုနှစ် တဝက်အတွင်း နိုင်ငံတကာအခင်းအကျင်းများ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံလျက် ပိုမိုခိုင်မာခဲ့ကြကြောင်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်-ထိုင်း ရထားလမ်း၊ တရုတ်-လာအို-ထိုင်း လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံ၊ အာရှတစ်လွှား ရထားလမ်းများအား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်အနေဖြင့် ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်များ ပိုမိုတင်သွင်းသွားမည်ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များ ထိုင်းနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ထောက်ခံသွားမည်ဖြစ်ကာ လျှပ်စစ်ကား၊ ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းဂိမ်းနှင့် မူးယစ်ဆေး ရောင်းဝယ်ခြင်းအပါအဝင် နယ်စပ်ဖြတ်ကျော်ပြစ်မှုများ တားမြစ်ရေး၊ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမိုအားကောင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စစ်မှန်သောနိုင်ငံစုံစနစ်နှင့် ပွင့်လင်းသောဒေသတွင်းစနစ်များကို ထောက်ခံသည့်အလျောက် နှစ်နိုင်ငံသည် ငြိမ်းချမ်း၊ လုံခြုံ၊ ဖွံ့ဖြိုး တိုးတက်သော ဒေသဖြစ်စေရေး၊ ကျင့်ဝတ်များနှင့်အညီ ဆွေးနွေးညှိနှိုင်းရေးနှင့် အာဆီယံ ဗဟိုပြုရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းဒေသ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ထိုင်းက အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်နေခြင်းကို ထောက်ခံ အားပေးကြောင်း စသည်တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါသည်။

Source : Xinhua English news

International Trade News

Pages