တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

Tue, 01/20/2015 - 14:56 -- admin_ygn

   တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အင်အားရစ်ချ်တာစကေး ၅ ရှိသည့် အင်အားအသင့်အတင့်ရှိသည့်  မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ ထားသည်။ အဆိုပါငလျင်သည် ဇန်နဝါရီလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီ ၂၁မိနစ်အချိန်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၏ အနောက်တောင်ဘက် လီရှန် မြို့ကိုဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံမြေငလျင်တိုင်းတာရေးဗဟိုအဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။
   ငလျင်လှုပ်ခတ်မှုသည် ချန်ဒုပြည်နယ်၏ မြို့အတော်များများအပြင် ရာအန်းနှင့်ယီဘင်းမြို့များသို့လည်း ရိုက်ခတ်ခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။ ငလျင်လှုပ် ခတ်မှုကြောင့် စီချွမ်ပြည်နယ်တွင် နေထိုင်ကြသည့်ပြည်သူများမှာ နေအိမ်များ၊ ရုံးများ စသည့် အဆောက်အအုံများအတွင်းမှ အပြင်သို့ပြေးထွက်ခဲ့ကြသည်။
   ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၃၃၀၀၀ ကျော်ပျက်စီးခဲ့ရသည်။ လူဦးရေပေါင်း ၃၂၀၀၀ ခန့်မှာ ငလျင်ဘေးဒုက္ခကို ခံစားခဲ့ကြ ရကြောင်းဖြင့် ရှန်ဟိုင်းဒေးလီးသတင်းစာတွင်ဖော်ပြထားသည်။ ထို့ပြင် ဇန်နဝါရီ ၁၁ ရက်ကလည်း တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ အူဂါဒေသတွင်လည်း အင်အားရစ်ချ် တာစကေး ၅ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
   အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အူဂါဒေသရှိ လူနေအိမ်ခြေပေါင်း ၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၅၀၀ကျော်မှာ ငလျင်ဘေးဒဏ်ကိုခံစားခဲ့ရကြောင်းဖြင့် အူဂါဒေသမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ကြောင်းထပ်မံပြောကြားခဲ့သည်။

မယ်သီတာ

 

International Trade News

Pages