စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ကြားဖြတ်စီးပွားရေးခန့်မှန်းချက်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာမှုအပေါ် သတိပေးထုတ်ပြန်ထား

Tue, 10/11/2022 - 05:03 -- wtodep

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

            OECD ၏ နောက်ဆုံးထွက်ရှိထားသည့်  ကြားဖြတ်စီးပွားရေးခန့်မှန်းချက်အရ ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းစေခြင်းနှင့် ငွေကြေးဖောင်းပွမှုအပေါ် ထပ်လောင်းဖိအားပေးမှု ဖြစ်စေခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအရှိန်အဟုန်ကို ကျဆင်းစေခဲ့ကြောင်း ဖော်ပြထားပါသည်။

            ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ၃% သို့ ရောက်ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်း၊ ယင်းတိုးတက်မှုနှုန်းမှာ ပဋိပက္ခမတိုင်မီကာလက ခန့်မှန်းထားသည့် စီးပွားရေးတိုးတက်မှုနှုန်း၏ အောက်ရောက်ရှိနေပြီး၊ ၂၀၂၃ ခုနှစ်တွင် စွန့်လွှတ်လိုက်ရသည့် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု၌ အမှန်တကယ်တန်ဖိုးနှင့် ကွာဟချက်မှာ အမေရိကန်ဒေါ်လာ ၂.၈ ထရီလီယံဝန်းကျင်ခန့်ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

            ကိုဗစ်-၁၉ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူနေမှုစရိတ်များ လျင်မြန်စွာ ကြီးမြင့်နေချိန်တွင် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားလာသဖြင့် အထူးသဖြင့် ဥရောပဒေသတွင် စွမ်းအင်စျေးနှုန်းများ ပိုမိုမြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု ဖိအားများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအများအပြားရှိ စီးပွားရေးလုပ်ငန်းအမြောက်အများမှာ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်သားစရိတ်စကများ မြင့်မားလာမှုများနှင့် ရင်ဆိုင်နေရပြီး ငွေကြေးဖောင်းပွမှုမှာလည်း ၁၉၈၀ ခုနှစ်ဝန်းကျင်ကတည်းက မကြုံဖူးသည့်အဆင့်သို့ ရောက်ရှိသွားရာ၊ ဗဟိုဘဏ်များက ငွေကြေးမူဝါဒအစီအမံများအပေါ် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ တင်းကျပ်ခဲ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

            ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ လှုပ်ခတ်မှုများကြောင့် OECD က ကမ္ဘာတစ်ဝှမ်းအတွက် ယခင်ခန့်မှန်းထားသည့် တိုးတက်မှုနှုန်းအပေါ် ပြန်လည်သုံးသပ်ရန်ဖြစ်လာကြောင်း၊ နှစ်စဉ် GDP တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ၁/၂% နှင့် ဥရောပဒေသတွင် ၁/၄% ဝန်းကျင်သို့ နှေးကွေးသွားစေမည်ဟု ခန့်မှန်းထားပြီး၊ ဆောင်းရာသီကာလအတွင်း ဥရောပဒေသရှိ စီးပွားရေးလုပ်ငန်းအများအပြားမှာ ပိုမိုကျဆင်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းကိုလည်း ထိခိုက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် ခန့်မှန်းထားသည့် ၃.၂% သို့ ကျဆင်းသွားဖွယ်ရှိကြောင်း၊ ၎င်းနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါကာလမှလွဲ၍ တရုတ်နိုင်ငံအတွက် နှစ်ပေါင်း ၄၂ နှစ်အတွင်း  အနိမ့်ဆုံး စီးပွားရေးတိုးတက်မှုနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

ပိုမိုတင်းကြပ်သည့် ငွေကြေးမူဝါဒ၏ အကျိုးသက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်း နှေးကွေးမှုတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် G-20 နိုင်ငံအများစု၌ ငွေကြေးဖောင်းပွမှုနှုန်း တဖြည်းဖြည်းကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။ G-20 နိုင်ငံများတွင် ၂၀၂၃ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုမှာ  ၈.၂ % မှ  ၆.၆ % သို့ ကျဆင်းလာနိုင်ပြီး၊ ဖွံ့ဖြိုးမှုတွင်  ရှေ့တန်းရောက်သည့် G-20 နိုင်ငံများအတွက်မူ  ၆.၂ % မှ ၄% သို့ ကျဆင်းသွားနိုင်မည်ဟု  ခန့်မှန်းထားပါသည်။

            စီးပွားရေးမျှော်မှန်းချက်နှင့်ပတ်သက်၍ မသေချာမရေရာမှုများနှင့်  သိသိသာသာ ကျဆင်းနိုင်သည့် အန္တရာယ်များရှိနေကြောင်း  OECD က ထောက်ပြထား၍ လူအများအပြားကို ဆင်းရဲတွင်းသို့ တွန်းပို့နိုင်သည့် အစားအစာနှင့် စွမ်းအင်ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ခြေနှင့် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီကာလသို့ ဝင်ရောက်လာသည်နှင့်အမျှ ဓာတ်ငွေ့ပြတ်တောက်နိုင်ခြေများကိုလည်း ထောက်ပြထားပါသည်။

            ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးနှုန်းများ တက်စေခြင်း၊ ယုံကြည်မှုကို ပျက်စီးစေခြင်း၊ ဘဏ္ဍာရေးဆိုင်ရာအခြေအနေများ ပိုမိုဆိုးရွားလာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများမှ ဓာတ်ငွေ့အသုံးပြုမှုကို ယာယီလျှော့ချရန် ကာလသတ်မှတ်ခြင်း စသည့်အကြောင်းရင်းခံများက  စွမ်းအင်ကို ပြတ်လပ်စေနိုင်ပါသည်။ စွမ်းအင်အသုံးပြုမှ လျှော့ချရန်နှင့် စွမ်းအင်ထောက်ပံ့ပေးသည့် ရင်းမြစ်အမျိုးမျိုးကို ရှာဖွေထားရန်တို့မှာ စွမ်းအင်ပြတ်လပ်မှုများအတွက် အရေးကြီးပါသည်။

            အဆိုပါစိန်ခေါ်မှုများအရ ၂၀၂၃ ခုနှစ်အတွင်း  ဥရောပနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၁ ၁/၄  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး၊ ငွေကြေးဖောင်းပွမှုကို ၁.၅ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်သဖြင့်၊ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင် နိုင်ငံအများအပြားကို စီးပွားရေးကျဆင်းမှုသို့ တွန်းပို့နိုင်ပြီး၊ ၂၀၂၄ ခုနှစ်အတွင်း၌လည်း GDP တိုးတက်မှုကို အားနည်းစေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

            ထို့ပြင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံ၌ ကော်ပိုရိတ်ကြွေးမြီများမြင့်မားခြင်းနှင့် နိုင်ငံ၏ "zero-Covid" မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားခြင်းတို့ကြောင့် ၎င်း၏ အိမ်ခြံမြေဈေးကွက်အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေမှုမှာ ခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားစွာ နှေးကွေးသွားနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှု ကွင်းဆက်ဖိအားများကြောင့် ကုန်ကျစရိတ်များ ဆက်လက်ရှိနေဦးမည်ဖြစ်ရာ၊ ထွန်းသစ်စဈေးကွက်များနှင့် ဝင်ငွေနည်းနိုင်ငံများတွင် ကြွေးမြီအကျပ်အတည်းများနှင့် ဘဏ္ဍာရေးကမောက်ကမဖြစ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

            ငွေကြေးဖောင်းပွမှုဖိအားများကို ရေရှည်လျှော့ချနိုင်စေရန် အဓိကစီးပွားရေးနိုင်ငံအများစုတွင် ငွေကြေးမူဝါဒကို ထပ်မံတင်းကျပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပိုမိုမြင့်မားသော အတိုးနှုန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများနှင့် ကမ္ဘာတစ်ဝှမ်း တင်းကျပ်စွာ ကိုင်တွယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် မသေချာမရေရာမှုများကို သေချာချိန်ညှိရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

            ဘဏ္ဍာရေးထောက်ပံ့မှုမှာ အိမ်ထောင်စုများနှင့် ကုမ္ပဏီများအပေါ် မြင့်မားသော စွမ်းအင်ကုန်ကျစရိတ်များ၏ ဆိုးကျိုးသက်ရောက်မှုကို ခုသာခံသာရှိစေရန် ကူညီနိုင်သော်လည်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချရန် မက်လုံးများကို ထိန်းသိမ်းထားခြင်းနှင့် ထိခိုက်လွယ်မှုအရှိဆုံးသူများအား ကူညီပေးရန် အာရုံစိုက်သင့်ကြောင်း၊ လူနေမှုအဆင့်အတန်းကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများအနေဖြင့် စီးပွားရေးလှုံ့ဆော်မှုများ အမြဲပြုလုပ်နေခြင်းကို ရှောင်ရှားရမည်ဖြစ်ကြာင်း၊  Means-tested အစီအစဉ်ဖြင့် အိမ်ထောင်စုများထံ  လွှဲပြောင်းပေးခြင်းမှာ ဤဦးစားပေးနှင့် ကိုက်ညီကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိပါသည်။

          စွမ်းအင်အကျပ်အတည်းကို စီမံခန့်ခွဲရာတွင် စီးပွားရေးကဏ္ဍအားလုံးမှ ဝယ်လိုအားကိုလျှော့ချရန် မက်လုံးများပေးရန်၊ အစားထိုးထောက်ပံ့နိုင်မည့်ရင်းမြစ် စိတ်ချသေချာစေရန် အားထုတ်ကြိုးပမ်းမှုများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ စွမ်းအင်လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အစိမ်းရောင်အကူးအပြောင်းကာလတွင် ရင်းနှီးမြှုပ်နှံရန် အစိုးရများက အရှိန်မြှင့်တင်ဆောင်ရွက်သွားရေး အရေးတကြီးလိုအပ်နေကြောင်း အစီရင်ခံ၌ ဖော်ပြထားပါသည်။

Source:https://www.oecd.org/newsroom/oecd-interim-economic-outlook-warns-of-per...

 

စိုင်းလောဝ်မိန်း

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages