စင်ကာပူလက်လီဈေးကွက်၌ လတ်ဆတ်သီးနှံနှင့်ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Tue, 01/06/2015 - 13:45 -- admin_ygn

   အရှေ့မြောက်မုတ်သုံလေတိုက် ခတ်သည့်ရာသီကာလအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းမှထုတ်လုပ်မှုလျော့ကျခြင်းကြောင့် ပြည်တွင်းစားသုံးမှုကို ထိခိုက်မှုမရှိစေရန် ငါးအမျိုး မျိုးအား ပြည်ပတင်ပို့မှုကို မလေးရှားနိုင်ငံမှရပ်ဆိုင်းခဲ့ပြီးနောက် စင်ကာပူလက်လီဈေးကွက်၌ တစ်ကီလိုဂရမ်လျှင် ပျှမ်းမျှ ၄ စင်ကာပူဒေါ်လာမှ ၇စင်ကာပူ ဒေါ်လာအထိ ငါးဈေးနှုန်း မြင့်တက်လာခဲ့ပါသည်။
  မလေးရှားနိုင်ငံအတွင်း နေရာဒေသအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကလည်း စင်ကာပူ၏လတ်ဆတ်သီးနှံနှင့်ဟင်းသီးဟင်းရွက် ဈေးကွက်ကိုတိုက်ရိုက် အကျိုးသက်ရောက်လျက်ရှိပါသည်။သီးနှံစိုက်ခင်းများထိ ခိုက်ပျက်စီးမှုကြောင့် မလေးရှားနိုင်ငံမှ စင်ကာပူသို့လတ်ဆတ် သီးနှံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ပုံမှန်တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းအထိလျော့နည်းခဲ့ပြီး လက်လီဈေးနှုန်းများမှာလည်း တစ်ကီလိုဂရမ်လျှင် စင်ကာပူဒေါ်လာငွေ၂၀ဆင့်ခန့် မြင့်တက်လာကြောင်း၊ မလေးရှားဒေသခံများ အနေဖြင့် ဈေးကွက်အင်အားပိုမိုမြင့်မားသည့် ကွာလာလမ်ပူဈေးကွက်သို့ အဓိကတင်ပို့သည့်အတွက် စင်ကာပူသို့ ကုန်စည်ဝင်ရောက်မှုနည်းပါးကြောင်း စင်ကာပူနိုင်ငံရှိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် တင်သွင်းသူများအသင်းမှပြောဆိုပါသည်။
  စင်ကာပူနိုင်ငံသားများအနေဖြင့် နှစ်သစ်ကူးကာလအတွင်း ပြည်ပခရီးသွားရောက်မှုများပြားလျက်ရှိသဖြင့် သားငါးနှင့် ဟင်းသီးဟင်းရွက်ဝယ်လိုအားမှာ နည်းပါးလျက် ရှိသော်လည်း တင်သွင်းသူ ကုန်သည်များအနေဖြင့်ဈေးကွက်၌ ကုန်စည်ပြတ်လပ်မှုမရှိစေရန်အတွက် တရုတ်နိုင်ငံတောင်ပိုင်း၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) တို့မှ မှာယူ တင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ စင်ကာပူမြို့။

 

International Trade News

Pages