စင်ကာပူနိုင်ငံ၌ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ တစ်ခုအား နိုင်ငံခြား အလုပ်သမားခန့်ထားခွင့်ပိတ်ပင်

Thu, 01/15/2015 - 10:23 -- admin_ygn

   မိမိနိုင်ငံသားဝန်ထမ်းများ အပေါ်ခွဲခြားပြုမူ ဆက်ဆံကြောင်းစွဲချက်ဖြင့် စင်ကာပူနိုင်ငံရှိပင်လယ် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သော  Prime Gold International လီမီတက်အား နိုင်ငံခြားသား အလုပ်သမားငှားရမ်းခန့်ထားခွင့် နှစ်နှစ်တားမြစ်ပိတ်ပင်လိုက်ကြောင်း စင်ကာပူ လူ့စွမ်းအားရေးရာဝန်ကြီးဌာန  (MOM) မှ ဒီဇင်ဘာ ၂၉ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ Prime Gold ကုမ္ပဏီသည် ၎င်းတို့ထံ၌ သင်္ဘောကပ္ပတိန်၊ အရာရှိချုပ်၊ အင်ဂျင်နီယာချုပ်နှင့် သင်္ဘောသားများ အဖြစ်လုပ်ကိုင်လျက်ရှိသည့် စင်ကာပူ နိုင်ငံ သားဝန်ထမ်း ၁၃ ဦးကိုလုပ်ငန်း အရှုံးပေါ်နေသဖြင့်ပိုလျှံဝန်ထမ်းအဖြစ် အလုပ်မှအင်အားလျှော့ရပ်ဆိုင်းခဲ့ကြောင်း၊ ၎င်းဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်မှု မှာ   ကျေနပ်ဖွယ်မရှိသည့်အပြင် သင့်လျော်သည့် အရည်အချင်းနှင့်လည်းပြည့်စုံမှုမရှိဟု ကုမ္ပဏီမှပြောကြားခဲ့သော်လည်း သက်သေခိုင်လုံမှုမရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် ၎င်း ဝန်ထမ်းများ၏ အလုပ်အကိုင်နေရာများကို နိုင်ငံခြားသားများဝင်ရောက်လုပ်ကိုင်နိုင်ရန် လမ်းစဖွင့်ပေးခဲ့ကြောင်း၊ ဤသို့ခွဲခြားဆက်ဆံပြုမူခြင်းသည် လက်ရှိအလုပ်အကိုင်ရရှိ ထားပြီးဖြစ်သော စင်ကာပူနိုင်ငံသားများ၏ ဘဝရပ်တည်ရှင်သန်မှုအပေါ် ထိခိုက်သက်ရောက်မှုရှိသောကြောင့် ဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ကြေညာ ချက်၌ဖော်ပြထားပါသည်။
သင့်တင့်မျှတစွာ စဉ်းစားဆောင် ရွက်ရေးမူ ဘောင် (Fair Consideration Framework-FCF))  ဟုခေါ်ဆို သောစီမံခန့်ခွဲရေးနှင့် ကျွမ်းကျင်မှုဆိုင် ရာလုပ်ငန်းတာဝန်များ၌ အလုပ်ခန့်ထားခြင်းဆိုင် ရာ စည်းကမ်းသတ်မှတ် ချက်ကိုစင်ကာပူအစိုးရမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းပြဋ္ဌာန်းခဲ့ရာ ၂၀၁၄ ခုနှစ်သြဂုတ်လ ၁ရက်နေ့မှ စတင်အကျိုး သက်ရောက်ခဲ့ပါသည်။ ၎င်း FCF မူဘောင်အရ စင်ကာပူနိုင်ငံအတွင်း လုပ်ငန်းရှင်များ၏ အလုပ် အကိုင်နေရာလစ်လပ်မှု ကြော်ငြာအားလုံးသည် စင်ကာပူနိုင်ငံသားများအတွက်  အခွင့်အလမ်းဖြစ်စေ ရမည်ဖြစ်ပြီး၊ နိုင်ငံခြားလုပ်သားများအား ငှားရမ်း ခန့် ထားခြင်းမပြုမီ မိမိနိုင်ငံသားများကို ဦးစားပေး စဉ်းစားရမည်ဖြစ်ပါသည်။
   ယခုကိစ္စရပ်မှာ    အင်အားလျှော့ချခံရသူ စင်ကာပူနိုင်ငံသား  ဝန်ထမ်းများမှ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း၌ လ့ူစွမ်းအားရေးရာဝန်ကြီးဌာနသို့ တိုင်ကြားမှုပြုရာမှ စုံစမ်းစစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။  Prime  Gold ကုမ္ပဏီသည် စင်ကာပူနိုင်ငံ၌ ၂၀၀၈ ခုနှစ်သြဂုတ်လမှစတင်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခဲ့ပြီး စင်ကာပူ၌အမြဲတမ်းနေထိုင်ခွင့် PR လက်မှတ်ရရှိထားသူပြည်ပလုပ်ငန်းရှင်မှ တစ်ဦးတည်းပိုင်ဆိုင်သောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ MOM အနေဖြင့် အလုပ်အကိုင်ကြော်ငြာခေါ်ယူရာတွင် စင်ကာပူနိုင်ငံ သားနှင့် ပြည်ပနိုင်ငံသားခွဲခြားလုပ်ကိုင်သည့် ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀၀ ခန့်ကို စစ်ဆေးအရေးယူမှုများဆောင်ရွက်ခဲ့ရာ Prime Gold လီမီတက်သည် FCF အကျိုး သက်ရောက်မှုစတင်ခဲ့သည့် ငါးလတာအတွင်း အပြင်းထန်ဆုံးသော အရေးယူမှုကိုခံရသည့် ပထမဦးဆုံးကုမ္ပဏီဖြစ်လာပါသည်။ ဤကုမ္ပဏီအား ပြည်ပအလုပ်သမားငှားရမ်း ခွင့် နှစ်နှစ်ပိတ်ပင်မှုကို မည်သည့်ကာလမှ စတင်မည်ဖြစ်ကြောင်းကြေညာချက်၌ ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းတို့၏ လက်ရှိနိုင်ငံခြားသားဝန်ထမ်းများမှာ အလုပ်ပါမစ် သက်တမ်းကုန်ဆုံးချိန်၌ ဆက်လက်သက်တမ်းတိုးခွင့် ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
   ယခုကဲ့သို့ MOM မှ  အရေးယူခြင်းသည် FCF မူဘောင်အားရှောင်ကွင်းနိုင်မည့် ထွက်ပေါက်နည်းလမ်းများကို ကြံဆလျက်ရှိသော ကုမ္ပဏီများသို့  သတိပေးအချက်ပြ လိုက်ခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရ၏ လ့ူစွမ်းအားရေးရာလွှတ်တော် ကော်မတီမှပြောဆိုလျက်ရှိပြီး  စင်ကာပူရေကြောင်းအရာရှိများသမဂ္ဂမှလည်း   အရေးယူဆောင်ရွက်မှု ကို   တစ်ခဲနက်ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့

International Trade News

Pages