စင်ကာပူနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ဒေသတွင်း လျှပ်စစ်ဓာတ်အား တင်သွင်းမှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Tue, 11/08/2022 - 12:57 -- Dotbilateral

       စင်ကာပူနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ဒေသတွင်းမှ လျှပ်စစ်ဓာတ်အား ပိုမိုတင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၄ ဂီဂါဝပ်  (GW) လျှပ်စစ်ဓာတ်အား တင်သွင်းနိုင်ရေးပန်းတိုင်သို့ ရောက်ရှိရန် လုပ်ဆောင်လျက်ရှိကြောင်း စင်ကာပူဝန်ကြီးတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       စင်ကာပူနိုင်ငံတကာစွမ်းအင်ရက်သတ္တပတ်ညီလာခံတွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်အဆင့် လျှပ်စစ်ဓာတ်အားပေးရေးဝန်ကြီးဖြစ်သူ တန်စီလင်းက ဒေသတွင်းမှ လျှပ်စစ်ဓာတ်အားတင်သွင်းနိုင်ရေး စီမံကိန်းအဆိုပြုလွှာများ (RFP) တင်သွင်းနိုင်ရေးအတွက်  ပြည်နယ်စွမ်းအင်စျေးကွက်အာဏာပိုင်အဖွဲ့  ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း    ပြောကြားခဲ့ပါသည်။

       ပြည်နယ်စွမ်းအင်စျေးကွက်အာဏာပိုင်အဖွဲ့သည် သြစတြေးလျ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဆိုပြုလွှာ (၂၀) ကျော် လက်ခံရရှိထားပြီဖြစ်ကြောင်း တန်စီလင်းက ပြောကြားခဲ့ပါသည်။

       စင်ကာပူနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုမြှင့်တင်ရန် စီစဉ်လျက်ရှိသော်လည်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၉၅ ရာခိုင်နှုန်းခန့်သည် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

       စင်ကာပူနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသည့်စနစ်ဆီသို့ အသွင်ကူးပြောင်းလာသည်နှင့်အမျှ ဆိုလာအသုံးပြုမှုစနစ်၊ စွမ်းအင်သိုလှောင်မှုစနစ်နှင့် စမတ်ဂရစ် အသုံးပြုမှုစနစ်များတွင် တိုးတက်မှုအခွင့်အလမ်းသစ်များရှိလာမည်ဖြစ်ကြောင်း တန်စီလင်းက ပြောကြားခဲ့သည်။

       စွမ်းအင်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ထိထိ‌ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

      “ထိုကဲ့သို့ အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှုများ၊ ဒေသတွင်းဓာတ်အားလိုင်း အသုံးပြုမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု ရရှိခြင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို လွယ်ကူချောမွေ့စေရန် အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း” တန်စီလင်းက ပြောကြားခဲ့ပါသည်။

     စင်ကာပူနိုင်ငံသည် ယခုနှစ်ကာလတွင် သြစတြေးလျ၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းနိုင်ငံတို့နှင့် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

ရင်းမြစ်: Bangkok Post

International Trade News

Pages