ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် အပူချိန်များ ဆက်လက်ကျဆင်း ရေခဲမှတ်အောက်သို့ကျရောက်

Thu, 01/08/2015 - 13:41 -- admin_ygn

   အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အပူချိန်များဆက်လက်ကျဆင်းလျက်ရှိကာ ရေခဲမှတ်အောက်သို့ ကျရောက်လျက်ရှိသည့်အပြင် အအေးလှိုင်းများ လည်းကျရောက်လျက်ရှိကြောင်း အိန္ဒိယတိုင်းမ်သတင်းတွင်ဖော်ပြထားသည်။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ နာမည်ကြီးရေကန်တစ်ကန် ဖြစ်သည့် Dal ရေကန်တွင် ဆီးနှင်း များ ထူထပ်စွာကျရောက်သဖြင့် ရေကန်၏မျက်နှာပြင်ပေါ်တွင် ရေများခဲနေသည်ကို တွေ့ရှိခဲ့ရကြောင်းဖြင့် အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
   အဆိုပါဒေသတွင် ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ဆီးနှင်းများကျရောက်လျက်ရှိပြီး အအေးလှိုင်းများ ဖြတ်သန်းလျက်ရှိသဖြင့် ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။ ရာသီဥတုခြောက်သွေ့နေမှုကြောင့် အပူချိန်များဆက်လက်ကျဆင်းလျက်ရှိရာ အပူချိန်သည် အနုတ် ၃ ဒသမ ၈ ဒီဂရီ ဆဲလ် ဆီးယပ်စ်အထိ ကျဆင်းလျက် ရှိကြောင်း၊ Leh မြို့တွင် အပူချိန်သည် အနုတ် ၁၄ ဒသမ ၃ဒီဂရီဆဲလ်ဆီးယပ်စ်အထိ ကျဆင်းလျက်ရှိရာစံချိန်တင်သည့်  အပူချိန်ပင်ဖြစ်ကြောင်း၊ Kargil မြို့တွင် အပူချိန်သည် အနုတ် ၁၃ ဒသမ ၆ အထိကျဆင်းလျက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
   အဆိုပါဒေသများရှိ ငါးဖမ်းသမားများနှင့် လှေသမားများသည် နှင်းများထူထပ်စွာကျရောက်လျက်ရှိမှုကြောင့် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်းသတင်းများတွင်ဖော်ပြ ထားသည်။ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ လူရာပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။

မယ်သီတာ

International Trade News

Pages