ဂျပန်နိုင်ငံနှင့်ငွေကြေးဖောင်းပွမှု

Tue, 08/02/2022 - 06:44 -- admin_ygn

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများသည် လက်ရှိဖြစ်ပေါ်နေသော  ငွေကြေး ဖောင်းပွမှုများကို တားဆီးနိုင်ရန်အတွက် တင်းကျပ်သော ငွေကြေးမူဝါဒဖြစ်စေရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ သို့သော် ဂျပန်နိုင်ငံသည်ကမ္ဘာ့ နိုင်ငံ အများစုနှင့်မတူညီသည့် ငွေကြေးမူဝါဒကို ကျင့်သုံးပါသည်။ ဂျပန်ဗဟိုဘဏ် သည် ၂၀၁၆ခုနှစ်မှစတင်၍ သုညရာခိုင်နှုန်း အောက်သို့ လျှော့ချသည့် အတိုးနှုန်း(Negative Interest Rates)  မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်း ၈ ရာခိုင်နှုန်းကျော်ရှိသည့် အမေရိကန်နိုင်ငံ၊ ဥရောပ နိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက  ဂျပန်နိုင်ငံ၏  ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ရာခိုင်နှုန်းကျော်သာရှိသည်။ လေ့လာဆန်းစစ်သူများက  ဂျပန်နိုင်ငံ၏ မူဝါဒ အတိုးနှုန်း((Policy Rate))သည် ၂၀၂၆ ခုနှစ်အထိ အနုတ်လက္ခဏာဖြစ်နေဦးမည်ဟု ခန့်မှန်းထားကြသည်။  ဂျီ-၇ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်  ဂျပန်နိုင်ငံနှင့်အခြားအဖွဲ့ဝင် နိုင်ငံများအကြား  ငွေကြေးဆိုင်ရာမူဝါဒ ကွာခြားမှုသည် ယန်းငွေတန်ဖိုးကို တစ်နှစ် အတွင်း ၁၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားစေခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာနှင့်စွမ်းအင်စရိတ်စကများရှိသော်လည်း ဂျပန်နိုင်ငံ၏ စွဲမြဲနေသော ငွေကြေးဖောင်းပွမှုနည်းခြင်းကို  လိုလားသည့် အလေ့ အထနှင့် ပြည်တွင်းဝယ်လိုအား နည်းပါးခြင်းများကြောင့် ဈေးနှုန်းဆိုင်ရာ ပြဿနာ များကို ဖြစ်ပေါ်စေပါသည်။ ငွေကြေးတည်ငြိမ်မှုမရှိဘဲ ယန်းငွေတန်ဖိုး အကျဘက် သို့ ဦးတည်နေခြင်းသည် လုပ်ခလစာ နည်းမှုအပေါ်တွင် တစ်စိတ်တစ်ပိုင်း အကျိုး သက်‌ရောက်မှုရှိနေပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလ အတွင်း လုပ်ခလစာ ကျုံ့လာပြီး ကုန်ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက်  ဂျပန်ပြည် သူများအကြား စိုးရိမ်မှု မြင့်တက်ခဲ့သည်။ အချိန်ပိုင်းနှင့်ကန်ထရိုက်လုပ်သားဦးရေ သည် ဂျပန်နိုင်ငံရှိ အလုပ်အားလုံး၏သုံးပုံတစ်ပုံကျော်အထိ မြင့်တက်လာခြင်းနှင့် အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများ၏လုပ်ခလစာမြင့်မားမှုထက်အလုပ်အကိုင် အာမခံချက်ရှိရေးကိုအာရုံစိုက်နေခြင်းတို့သည် လုပ်ခလစာနည်းပါးရခြင်း၏အဓိက ဇာစ်မြစ်များဖြစ်သည်။ ထို့ပြင် သက်ကြီးရွယ်အိုများ  များပြားလာခြင်းနှင့် လူဦးရေ လျော့နည်းလာခြင်းတို့ကြောင့်လည်း  ဝယ်လိုအား ကျဆင်းမှုကို ဖြစ်စေပါသည်။အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့((International Monetary Fund-IMF) ၏စစ်တမ်းကောက်‌ယူချက်အရ   ၂၀၂၁ ခုနှစ်အတွင်း   ဂျပန်နိုင်ငံတွင် လူဦးရေ သုံးသိန်းကျော် လျော့နည်းသွားသည်ကို တွေ့ရှိရသည်။
ဝန်ကြီးချုပ် ကီရှီတာသည် လုပ်ခလစာ တိုးမြှင့်ရေးကို   အဓိကဦးစားပေး မူဝါဒတစ်ရပ်အဖြစ်  ချမှတ်ထားသည်။ ဝန်ကြီးချုပ်က  ယခုနှစ်တွင် ကျင်းပသည့် အလုပ်ရှင်၊   အလုပ်သမား  လစာညှိနှိုင်းရေး နှစ်ပတ်လည်အစည်းအဝေး The Annual Shuntō Wage Negotiations )  တွင် ကုမ္ပဏီကြီးများအား လုပ်ခလစာ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ပြောကြားခဲ့သော်လည်း ကုမ္ပဏီများက ၂ ရာခိုင်နှုန်း ကျော်သာတိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံအစိုးရသည်  လုပ်ခ လစာတိုးမြှင့်ပေးရေးနှင့်စပ်လျဉ်း၍ အကောင်းဆုံး  ကြိုးစားအားထုတ်သော်လည်း နှစ်စဉ် လုပ်ခလစာ တိုးပေးရန် ညှိနှိုင်းလေ့ရှိသည့် ဂျပန်လူမျိုးတို့၏အလေ့အထနှင့် အချိန်ပိုင်းအလုပ်သမား အများအပြားရှိနေခြင်း တို့ကြောင့်  လုပ်ခလစာ တိုးမြှင့် ရေးကိစ္စရပ်ကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
Ref: FocusEconomics (မေအောင်လိန်းMT)

International Trade News

Pages