ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ စည်းမျဉ်းများကို အဆင့်မြှင့်တင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်တိုက်တွန်း

Tue, 11/15/2022 - 06:42 -- wtodep

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လယ်ယာကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်၌ လက်ရှိ ကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် ရင်ပေါင်တန်းထိန်းကျောင်းနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့ကိုအဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ အပြုသဘောဆောင်သော တိုးတက်မှုအချို့ရှိနေသော်လည်း မကြာခဏဆိုသလို အစားအစာနှင့် စိုက်ပျိုးရေးဈေးကွက်များမှာ လုပ်ဆောင်ချက် အားနည်းနေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့ဈေးကွက်များရှိပြဿနာများကို ထိထိရောက်ရောက် တုံ့ပြန်ရန်နှင့် ယနေ့ကမ္ဘာနှင့် နောင်လာမည့်အနာဂတ်၌  ကြုံတွေ့ရသောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများကို အသုံးပြု နိုင်စေရန် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းစာအုပ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများက ပြုပြင်မွမ်းမံရန်လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့သည့် ကုန်သွယ်ရေးနှင့်စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲ (Retreat on Trade and Agriculture) သို့ တက်ရောက်လာကြ သူများအား အဖွင့်စကား၌ ထည့်သွင်းပြောကြားခဲ့သည်။

   ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ခြင်းမှသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးပံ့ပိုးပေးနိုင်သည်အထိ ဘုံရည်မှန်းချက်များစွာ ကိုရရှိစေရန် လယ်ယာစိုက်ပျိုးရေးကုန်သွယ်မှု၏အရေးကြီးပုံကို ညွှန်ကြားရေးမှူးချုပ်မှ အလေးပေးပြောကြားခဲ့ပါသည်။

   ဆွေးနွေးမှုများကို နှောင့်နှေးစေသည့်အမြစ်တွယ်နေသည့် မတူကွဲပြားမှုများကို ကျော်လွှားနိုင်စေရန်အတွက် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများတွင် ချဉ်းကပ်မှုအသစ်ကို ထည့်သွင်းစဉ်းစားရန်အဖွဲ့ဝင်နိုင်ငံများသို့ ညွှန်ကြား ရေးမှူးချုပ်၏ တောင်းဆိုချက်အား အလေးထားတုံ့ပြန်သည့်အနေဖြင့် ဤဆွေးနွေးပွဲ (Retreat) ကိုစီစဉ်ခဲ့ခြင်းဖြစ်သည်။

   ဆွေးနွေးပွဲတွင် လယ်ယာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဖြစ်နိုင်ချေရှိသော မူဝါဒတုံ့ပြန်မှုများနှင့်စပ်လျဉ်း၍ လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ကျွမ်းကျင်သူများကဦးဆောင်လျက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်အားလုံးအတွက်ဆွေးနွေးရန် တံခါးဖွင့်ပေးထားသည့် အပိုင်း (၂) ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။

   ဆွေးနွေးပွဲ၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် စိုက်ပျိုးရေးကို မည်သို့ချဉ်းကပ်သင့်ကြောင်းနှင့်ရှေ့ဆက်သွားရန် မည်သည်တို့ကို အဓိကထည့်သွင်းစဉ်းစားသင့်ကြောင်းဟူသော မေးခွန်းနှင့်လာမည့် ဝန်ကြီးများအဆင့်ညီလာခံတွင် ရလဒ်များရရှိရန် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို မည်သို့ပြန်လည်အားဖြည့်ပေးနိုင်မည်နည်းဟူသည့် မေးခွန်းတို့အပေါ် အမြင်ချင်းဖလှယ်ရန်နှင့် အကြံဉာဏ်ပေးရန်အတွက်အခန်း (၅) ခန်းခွဲ၍ပြုလုပ်ခဲ့ပါသည်။

   နံနက်ပိုင်းကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သူများက ရာသီဥတုကြောင့် ရေလုံလောက်မှုမရှိခြင်းနှင့် မိုးခေါင်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ယူကရိန်းပဋိပက္ခနှင့် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများတိုးလာခြင်း၊ အာဖရိကရှိ စားနပ်ရိက္ခာမလုံခြုံမှုနှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်များကို ဆွေးနွေးခဲ့ကြပါသည်။

   နေ့လည်ပိုင်းဆွေးနွေးပွဲတွင် ဟောပြောသူများက စားနပ်ရိက္ခာမလုံခြုံမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အာဖရိကစားနပ်ရိက္ခာစနစ်၏ ခံနိုင်ရည်အားကောင်းစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ ပံ့ပိုးကူညီမှု၏ လက်ရှိအခင်းအကျင်းနှင့် ခေတ်ပြိုင်စိန်ခေါ်မှုများနှင့်အညီ WTO စိုက်ပျိုးရေးဆိုင်ရာ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် စိုက်ပျိုးရေးကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ပါဝင်နေခဲ့ကြပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်ပါ မူလလုပ်ပိုင်ခွင့်အောက်တွင် ဆွေးနွေးပွဲများကို ၂၀၀၀ ပြည့်နှစ် အစောပိုင်း၌ စတင်ခဲ့ကြပါသည်။

   ၁၉၉၅ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော လယ်ယာစိုက်ပျိုးရေးကဏ္ဍ သဘောတူညီချက်မှာ တရားမျှတပြီး စျေးကွက်ကို ဦးတည်သည့်စိုက်ပျိုးရေးကုန်သွယ်မှုစနစ်ဆီသို့ ဦးတည်လုပ်ဆောင်ရန် အဖွဲ့ဝင်များ၏ ကြိုးပမ်းမှုတွင်အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ပါသည်။ ပို့ကုန်ထောက်ပံ့မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ရိုဘီဝန်ကြီးအဆင့် နောက်ဆက်တွဲဆုံးဖြတ်ချက်ကြောင့် ပို့ကုန်ထောက်ပံ့ငွေမှာ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိ ကန်ဒေါ်လာ ၁၂ သန်း အောက်သို့ သိသိသာသာကျဆင်းသွားခဲ့သည်။ ၎င်းကိစ္စရပ်မှအပ ယနေ့အထိ စေ့စပ်ညှိနှိုင်းမှုများတွင် ရလဒ်အနည်းငယ်သာ ရရှိထားပါသည်။

   ကုန်သွယ်မှုပုံပျက်ခြင်းနှင့် မြင့်မားသည့်ကာကွယ်မှုများကြောင့် အဓိကပြဿနာတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကာ၊ သုတေသန၊ အခြေခံအဆောက်အအုံနှင့် အခြားအများပြည်သူဆိုင်ရာ ကုန်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးနေခြင်းက ဒေသများစွာတွင် လယ်ယာကုန်ထုတ်စွမ်းအား နိမ့်ကျခြင်း၊ တန့်နေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

   ထို့အပြင် လယ်ယာကဏ္ဍအတွက် စုစုပေါင်းပံ့ပိုးကူညီမှုမှာ ၂၀၁၉-၂၀၂၁ တွင် အမေရိကန် ဒေါ်လာ ၈၁၇ ဘီလီယံ အထိရှိလာခဲ့ပြီး ယင်းအနက်မှအမေရိကန်ဒေါ်လာ ၂၀၇ ဘီလီယံကသာ စားသုံးသူများအတွက် အထွေထွေဝန်ဆောင်မှု သို့မဟုတ် ငွေပေးချေမှု များအတွက် ဘတ်ဂျက်အသုံးစရိတ်အဖြစ် သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ စားနပ်ရိက္ခာတင်ပို့မှုကန့်သတ်ချက်များ ဆက်လက်ပြုလုပ် နေမှုများကြောင့် အစားအသောက်တင်သွင်းသည့်နိုင်ငံများရှိ ဆင်းရဲသောစားသုံးသူများအပေါ် ဈေးနှုန်း တက်ခြင်း ဆိုးကျိုးသက်ရောက်မှုများကို ဆက်လက်ဆိုးရွားစေသည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း နာတာရှည်အာဟာရချို့တဲ့သည့် လူဦးရေသန်း ၁၅၀ တိုးလာခဲ့ပြီး၊ ကမ္ဘာပေါ်ရှိလူ ၂.၃ ဘီလီယံခန့်မှာ လုံလောက်သော အစားအစာရရှိနိုင်မှုနည်းပါးကာ နိုင်ငံတကာအသိုက်အဝန်း၏ ကမ္ဘာလုံးဆိုင်ရာ အာဟာရ ရည်မှန်းချက်များပြည့်မီရန်ဝေးကွာနေပါသည်။

   လယ်ယာကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုတွင် စားနပ်ရိက္ခာဖူလုံရေး ရည်ရွယ်ချက်အတွက် စျေးကွက်ဝင်ရောက်ခြင်း၊ ဝါဂွမ်း၊ အဆို ပြုထားသော အထူးကာကွယ်ပေးသည့်ယန္တရားနှင့် ပွင့်လင်းမြင်သာမှုမြှင့်တင်ရေး စသည့်ကိစ္စရပ်များ ထင်ရှားစွာ ကျန်ရှိနေ ဆဲဖြစ်ပါသည်။

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ  ကျွမ်းကျင်သူများ အသိပညာနှင့် ထိုးထွင်းသိမြင်မှုများဖြင့် အနာဂတ် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့စည်းမျဉ်းများကို ဒီဇိုင်းရေးဆွဲရန်လိုအပ်ကာ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ၊ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပိုမိုကောင်းမွန်သောအာဟာရရရှိရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးသို့ ရှေးရှုသည့်တိုးတက်မှုကို တွန်းအားပေးရန်လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  ညွှန်ကြားရေးမှူးချုပ်က အလေးထား ပြောကြားထားပါသည်။

Source: https://www.wto.org/english/news_e/news22_e/agri_24oct22_e.htm

အိသက်သက်စံ

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages