ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုးမြှင့်ပြုလုပ်သွားမည့် WTO နှင့် OECD

Mon, 10/03/2022 - 04:41 -- wtodep

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏  အထွေထွေအတွင်းရေးမှူးချုပ် Mathias Cormann ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellardနှင့်   WTO သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ယခုကဲ့သို့ သွားရောက်တွေ့ဆုံမှုမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား ဆွစ်ဇာလန်ခရီးစဉ်သည် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွစ်ကနဦး ဆောင်ရွက်မှု၏  ကမ္ဘာတစ်ဝှမ်းနေထိုင်သူများ၏ ဘဝများအတွက် အဓိကဆုံးဖြတ်ချက်များချမှတ်ရာတွင် နိုင်ငံစုံအချက်အချာကျသော နေရာတစ်ခုအဖြစ် ဂျီနီဗာ၏အရေးပါမှုကို  အလေးပေးဖော်ပြခြင်းဖြစ်ပါသည်။ WTO နှင့် OECD တို့မှာ ထောက်ပံ့မှုများ၊ ကုန်သွယ်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဲ့သို့သော နယ်ပယ်များတွင်  ရှေးယခင်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ရလဒ်များကိုလည်း မျှဝေခဲ့သည့်အဖွဲ့အစည်းများ ဖြစ်ကြပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellard က အဖွဲ့ဝင် ၃၅ ဦး ပါဝင်သည့် OECD မှ ကိုယ်စားလှယ်အဖွဲ့အားကြိုဆိုခဲ့ပြီး၊  ယခုကဲ့သို့ လာရောက်မှုမှာ အေဂျင်စီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နိုင်ငံတကာဂျီနီဗာ၏ အခြေခံမူများကို ဦးစားပေးရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတကာဂျီနီဗာ၏အခြေခံမူဟူသည်မှာ ငြိမ်းချမ်းရေး၊ အခွင့်အရေးနှင့် သာယာ ဝပြောမှုတို့အတွက် ဂျီနီဗာအခြေစိုက် ဆောင်ရွက်နေကြသည့်  အပြည်ပြည်ဆိုင်ရာနှင့်  အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သိပ္ပံနှင့် ပညာရေးဆိုင်ရာနယ်ပယ်များမှ ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများ၊ မြို့ပြလူမှုအသိုက်အဝန်းနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ကွန်ယက်ကို ညွှန်းဆိုသည့် ဆွစ်အစိုးရ၏ ရှေ့ပြေးဆောင်ရွက်မှုဖြစ်ကြောင်း၊ (၁၂)ကြိမ် မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC 12) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပထဝီဝင်နိုင်ငံရေးတင်းမာမှုနှင့်ရင်ဆိုင်နေရချိန်တွင်လည်း ဆောင်ရွက်နိုင် သည်ဟူသည်ကို သက်သေပြနေခြင်းဖြစ်ကြောင်း၊“စိန်ခေါ်မှုရှိနေသည့် မျှော်လင့်ချက်များ” ကို MC 12 ၏ရလဒ်အနေဖြင့် ရရှိခဲ့ပြီး၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များမှာ အလွန်ကြိုးစားခဲ့ကြပြီး၊ သိသာထင်ရှားသောရလဒ်များကို ရရှိစေနိုင်ခဲ့ကြောင်း  မှတ်ချက်ပြုခဲ့ပါသည်။

OECD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်အတွင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Ellard က MC 12 ၌ ငါးလုပ်ငန်းထောက်ပံ့ ကူညီမှုများဆိုင်ရာ သဘောတူညီချက်အပြင် COVID-19 ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ၊ စားနပ်ရိက္ခာ မလုံခြုံမှု၊ e-commerce လုပ်ငန်းအစီအစဉ်နှင့် ဆိုင်းငံ့ထားမှုနှင့် WTO ပြုပြင်ပြောင်းလဲမှုတို့ အပါအဝင် အရေးပါသည့်ကိစ္စရပ်များအပေါ် အလေးပေးပြောကြားခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများ၏ လူမှုဘဝများအပေါ် ၎င်းသဘောတူညီချက်များက အမှန်တကယ် သက်ရောက်မှု ရှိနိုင်ရန်  အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းက ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

WTO အဖွဲ့ဝင်များကောင်းစွာသိရှိထားရန်နှင့် မူဝါဒရွေးချယ်မှုများကိုဆွေးနွေးရန်အတွက် ဆွေးနွေးနိုင်သည့်နေရာတစ်ခုပံ့ပိုးပေးရန် အတွက် WTO က OECD နှင့်ပူးပေါင်း၍ အတူတကွဆောင်ရွက်သွားရန်  စိတ်အားထက်သန်မှုကို ဒုတိယညွှန်ကြားရေးမှူး Ellard မှ ဖော်ပြခဲ့ပြီး၊ ငါးလုပ်ငန်းထောက်ပံ့မှုနှင့်ပတ်သက်၍ OECD မှ အချက်အလက်နှင့်သုတေသနများ၏အခန်းကဏ္ဍမျိုးမှာ ပူးပေါင်း ဆောင်ရွက်မှု၏သာဓကတစ်ရပ်ဖြစ်ကြောင်း၊ အချက်အလက်နှင့် သုတေသနပြုထားမှုကြောင့်  ငါးလုပ်ငန်းထောက်ပံ့ကြေးများနှင့် ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ရာတွင် ဖြစ်ရပ်မှန်အခြေခံများကို ပံ့ပိုးပေးနိုင်ပြီး၊ အလွန်အကျွံငါးဖမ်းခြင်းကိုညွှန်းဆိုသည့် နောက်လာမည့်စေ့စပ်ညှိနှိုင်းမှုများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

ငါးလုပ်ငန်းထောက်ပံ့ကြေးများ သဘောတူညီချက် အသက်ဝင်စေရန် ထိုစာချုပ်အပေါ် OECD အဖွဲ့ဝင်များက ၎င်းတို့ပြည်တွင်း လက်ခံမှုကို ဖြစ်နိုင်သမျှ မြန်မြန်အပြီးသတ်ပေးရန် ဒုတိယညွှန်ကြားရေးမှူးချုပ်က တောင်းဆိုခဲ့ပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အဖွဲ့ဝင်များအား  နည်းပညာအကူအညီများကို ပံ့ပိုးပေးနိုင်ရန်တွက် ၎င်းသဘောတူညီချက်အောက်တွင် တည်ထောင်ထားသော ငါးလုပ်ငန်းရန်ပုံငွေယန္တရား၏ အရေးပါမှုကိုသူမက အသားပေးဖော်ပြခဲ့ပါသည်။

ရှေ့ဆက်၍ စိမ်းလန်းသောစီးပွားရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရာသီဥတုပြောင်းလဲမှုနှင့်ကုန်သွယ်ရေး ထိန်းချုပ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းရန် စားနပ်ရိက္ခာလုံခြုံမှု၊ အလုပ်အကိုင်ဖန်တီးမှု၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတိုးချဲ့ခြင်း၊ အမျိုးသမီးများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs)  ကဲ့သို့ နိုင်ငံစုံကုန်သွယ်ရေးစနစ်၌ ရင်ဆိုင်ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် WTO-OECD တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကအခန်း ကဏ္ဍဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ 

WTO ၏ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးပဏာမခြေလှမ်း (Aid for Trade initiative) တွင် OECD မှာ ယုံကြည်အားထားရသည့်  မိတ်ဖက်ဖြစ်ပါကြောင်း၊  မကြာသေးမီက WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala မှ Aid for Trade initiative အယူအဆကို “ကုန်သွယ်ရေးဆိုင်ရာအကူအညီ” သဘောတရားမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘဏ္ဍာငွေကွာဟချက်ကိုပေါင်းကူးရန် ဖွံ့ဖြိုးမှုဘဏ်များ နှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ အရင်းအမြစ်များကိုစုစည်း၍ အသွင်ကူးပြောင်းခြင်းဆိုင်ရာအယူအဆများနှင့် "ကုန်သွယ်မှု အတွက်ရင်းနှီးမြုပ်နှံခြင်း" ပုံစံသို့ တွန်းအားပေးမှုများပြုနေကြောင်း၊ ၎င်းမဏ္ဍိုင်မှာ ကုန်သွယ်မှုအတွက်အကူအညီလုပ်ငန်းစဉ် စောင့်ကြည့်ရေးလုပ်ဆောင်ချက်ကို ထိန်းသိမ်းထားရန်သာမက ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖန်တီးပေးနိုင်သည့် ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုကိုလည်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံစုံဘဏ်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် တခြားနိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီမှုအဆင့်မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊   ရာသီဥတုဘဏ္ဍာ ရေးဆိုင်ရာ ရည်မှန်းချက်များအပါအဝင် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် လျော်ညီစေရန် ပေါင်းစပ်ထားသော ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ဖြေရှင်းချက်များကို စူးစမ်းရှာဖွေနိုင်သည်ဖြစ်ရာ OECD ဘက်မှ စိတ်ဝင်စားမည့် ကိစ္စဖြစ်ကြောင်းကိုလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellard က အသားပေးဖော်ပြခဲ့ပါသည်။

OECD ၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ  Mathias Cormann မှပြောကြားရာ၌ စည်းမျဉ်းအခြေခံသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစနစ်နှင့် ကောင်းမွန်စွာလည်ပတ်နေသည့် ကမ္ဘာ့ဈေးကွက်များကိုမြှင့်တင်ရန် ကတိကဝတ်များကို မျှဝေသည့်အဖွဲ့အစည်း နှစ်ရပ်၏ အကောင်းဆုံးဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အသားပေးဖော်ပြခဲ့ပါသည်။  မကြာသေးမီက ကျင်းပခဲ့သော ဝန်ကြီး များအဆင့်အစည်းအဝေးများတွင် ကျွန်တော်တို့၏ အားပေးထောက်ခံမှုကို စည်းမျဉ်းအခြေခံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစနစ်၌ WTO  ၏ အရေးပါသောအခန်းကဏ္ဍကို အထူးပြုဖော်ပြခဲ့ကြောင်း၊ OECD အဖွဲ့အစည်းမှာ  OECD နိုင်ငံများနှင့်ပြင်ပနိုင်ငံများရှိ ပြည်သူများအတွက် စီးပွားရေးနှင့်လူမှုရေးတိုးတက်ကောင်းမွန်စေရန်နှင့် လူတစ်ဦးချင်း၏လွတ်လပ်မှုကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊  ကမ္ဘာတစ်ဝှမ်းမှ  စီးပွားရေးနှင့် လူမှုရေးတိုးတက်ကောင်းမွန်စေရေးကို တွန်းအားပေးသည့်ဗဟိုချက်မှာ  ကုန်သွယ်မှုကို စဉ်ဆက် မပြတ်ချဲ့ထွင်ခြင်းဖြစ်သည်ဟု OECD အဖွဲ့ဝင်နိုင်ငံများက ယုံကြည်ပါကြောင်း၊ MC 12 မှသိသာထင်ရှားသည့် အောင်မြင်မှုရလဒ် များရရှိခဲ့သည့်အတွက် WTO နှင့်အဖွဲ့ဝင်နိုင်ငံများကို ဂုဏ်ပြုစကားပြောကြားလိုကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် OECD ကိုယ်စားလှယ်များက WTO ပြုပြင်ပြောင်းလဲမှု၊ အငြင်းပွားမှုဖြေရှင်းရေးယန္တရားအတွက် အဓိက သောင်မတင်ရေ မကျဖြစ်နေမှုများ၊ ရာသီဥတုပြောင်းလဲမှုကိုတုံ့ပြန်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ကာဗွန်ဈေးနှုန်း၊ ယူကရိန်းအရေးကိစ္စကြောင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအပေါ်သက်ရောက်မှုများ၊ နှစ်နိုင်ငံနှင့်အထက် ပူးတွဲစီမံကိန်းများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် မြို့ပြလူမှု အသိုက်အဝန်းများနှင့် အပြန်အလှန်ထိတွေ့မှုများအပေါ် မေးခွန်းများမေးမြန်းခဲ့ကြ ကြောင်း သိရပါသည်။

WTO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellard က ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဖြေကြားရာ၌ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကုန်စည်များသဘောတူညီချက်တွင် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့်ကုန်စည်များ (“green” goods) စာရင်းကို ဖော်ထုတ်သတ်မှတ်ပြီး၊ ၎င်းတို့အပေါ် အကောက်ခွန်နှုန်းနည်းပါးစွာကောက်ခံခြင်းဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေခြင်းမှာ ရွေးချယ် ဆောင်ရွက်နိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊  ကာဗွန်ဈေးနှုန်းမှာလည်း ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေ ရှိသည့် နောက်ထပ် နယ်ပယ်တစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

WTO နှင့် OECD တို့မှ အခြားကိစ္စရပ်များပေါ်တွင်လည်း ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြပြီး၊ လက်ရှိဆောင်ရွက်နေမှုမှာ စီးပွားရေးဆိုင်ရာ နယ်စပ်ဖြတ်ကျော်အချက်အလက်စည်းမျဉ်းများ၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ ပူးတွဲဆန်းစစ်မှုများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ အခြားနယ်ပယ်များတွင်ပူးတွဲဆောင်ရွက်သည့် လုပ်ငန်းနယ်ပယ်များမှာ စာရင်းဇယားများ၊ အချက်အလက် စီမံကိန်းများနှင့် အချက်အလက်မျှဝေမှု၊ နည်းစနစ်ပိုင်းဆိုင်ရာလုပ်ငန်းများ၊နည်းပညာ အကူအညီနှင့် အုပ်ချုပ်မှုတို့ ဖြစ်ကြပါသည်။

Source: https://www.wtao.org/english/news_e/news22_e/igo_14sep22_e.htm       

International Trade News

Pages