စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးမည့် ဂျပန်နှင့် ဘင်္ဂလားဒေ့ရှ်

Wed, 01/31/2024 - 03:27 -- wtodep

ဂျပန်နှင့်ဘင်္ဂလားဒေ့ရှ်တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းမှုများကို ဇန်နဝါရီလကုန်မှစတင်ကာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ နီကီအေးရှသတင်းဌာနက ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်မှအဝတ်အထည်များစွာကို ဂျပန်သို့တင်ပို့လျက်ရှိပြီး ဂျပန်ကုမ္ပဏီအများစုမှာ တောင်အာရှတွင် တည်ထောင်ထားပါသည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် (Least Developed Countries) မှ လွတ်မြောက်မည့် စာရင်းတွင် ပါဝင်ထားခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှပေးအပ်သည့် ပို့ကုန်ဆိုင်ရာ အကောက်ခွန်ကင်းလွတ်ခွင့် မရတော့ပေ။ ယင်းသို့ ဘင်္ဂလားဒေ့ရှ်၏ ဖွံ့ဖြိုးမှုအဆင့် အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘော တူညီချက်က ပြန်လည်ကုစားနိုင်ရန် ဖြစ်ပါသည်။

စတီးလ်နှင့် မော်တော်ယာဉ်များအပေါ် ဘင်္ဂလားဒေ့ရှ်မှ အကောက်ခွန်နှုန်း ၁၀ % နှင့် ၂၅ % အသီးသီးကောက်ခံနေခြင်းအပေါ် လျှော့ချပေးရန်၊ ဆန်နှင့်ဂျပန်အမဲသားအပေါ် အကောက်ခွန်နှုန်းများကို ပြန်လည်ညှိနှိုင်းရန်နှင့် ဂျပန်လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် ဂျပန်ဘက်က မျှော်လင့်နေပါသည်။

၂၀၂၂ ခုနှစ်အတွင်း ဂျပန်သည် ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံတန်ဖိုးရှိ ကုန်စည်များတင်သွင်းခဲ့ပြီး သွင်းကုန်၏ ၉၀ % မှာ အဝတ်အထည်၊ ဖိနပ်တို့ဖြစ်ပါသည်။ ဂျပန်မှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံရှိခဲ့ပြီး ပို့ကုန်၏ ၃၀ % မှာ သံနှင့်စတီးလ် ဖြစ်ပါသည်။

ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့(Japan External Trade Organization-JETRO) စာရင်းများအရ ၂၀၂၃ ခုနှစ်၊ မေလအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျပန်ကုမ္ပဏီနှင့်ရုံးခွဲများ ၃၃၈ ခုရှိကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ ဘင်္ဂလားဒေ့ရှ် ထွက်ခွာရပါက အဆိုပါကုမ္ပဏီများအပေါ် အကောက်ခွန်ရိုက်ခတ်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် အထည်အလိပ်အပေါ် အကောက်ခွန်ကို ၁၀ % ကျော် ကောက်ခံကြောင်း ဖော်ပြထားပါသည်။

ဂျပန်အနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ညှိနှိုင်းမှုဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံလုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သုတေသနများ ပြုလုပ်ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့်လည်း လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ဂျပန်ကအကောက်ခွန်နှင့် ကုန်သွယ်မှုစည်းမျဉ်းများတွင် စံနှုန်းသတ်မှတ်ရန် မျှော်လင့်ထားပါသည်။ ညှိနှိုင်းမှုများတွင် သွင်းကုန်/ပို့ကုန်လုပ်ငန်းများ၌ စာရွက်စာတမ်းများဖြင့် အချိန်ကြာခြင်းလည်းပါဝင်ကြောင်း သိရှိရပါသည်။

Source:         https://asia.nikkei.com

International Trade News

Pages