ဗီယက်နမ်ဝန်ကြီးချုပ်မှအီလက်ထရောနစ်နည်းလမ်းအသုံးပြုကူးသန်းရောင်းဝယ်ခြင်းအပေါ် အခွန်စီမံခန့်ခွဲမှုပြုလုပ်ရာတွင် ပိုမိုထိထိရောက်ရောက်ဆောင်ရွက်ရန် တိုက်တွန်းထား

Fri, 10/28/2022 - 07:12 -- Dotbilateral

    ဗီယက်နမ်ဝန်ကြီးချုပ်၊ ပန်မင်းချင်း (Pham Minh Chinh) သည် ဗီယက်နမ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများပေါ်တွင် စီးပွားရေးလုပ်ငန်းများအတွက် အခွန်ကောက်ခံရာတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ကောက်ခံနိုင်ရန် တိုက်တွန်း ပြောကြားထားသည်။

     အီလက်ထရောနစ် နည်းလမ်းအသုံးပြုကူးသန်းရောင်းဝယ်မှုများအရှိန်အဟုန်ဖြင့် တွင်ကျယ်လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဗီယက်နိုင်ငံ၌ အီလက်ထရောနစ်နည်းလမ်းအသုံးပြု ကူးသန်းရောင်းဝယ်မှုသည် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံအထိ ရောက်ရှိ ရန်ခန့်မှန်းထားရှိပြီး ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းပိုတိုးလာကြောင်း သိရှိရပါသည်။

   ဗီယက်နမ်နိုင်ငံတွင် ဒစ်ဂျစ်တယ်ပလပ်ဖောင်းပေါ်ရှိ စီးပွားရေးလုပ်ငန်းများနှင့် အီလက်ထရောနစ်နည်းလမ်းအသုံးပြု ကူးသန်းရောင်းဝယ်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာသဖြင့်  စီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် အထူးသဖြင့် အခွန်ကောက်ခံရာ၌ စိန်ခေါ်မှုအသစ်များ တွေ့ကြုံရလျက်ရှိကြောင်း ဖော်ပြထားပါသည်။

   ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော်ရောင်း  ဝယ်မှု ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအပေါ်တွင် အခွန်စီမံခန့်ခွဲမှုယန္တရားအား ကောင်းမွန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဗီယက်နမ်၀န်ကြီးချုပ်က ထပ်မံတောင်းဆိုထားသည်။

   အီလက်ထရောနစ်နည်းလမ်းအသုံးပြု ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် အခွန်ပေးဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် အီလက်ထရောနစ်နည်းလမ်းအသုံးပြု ကူးသန်းရောင်းဝယ်ရေး ဥပဒေမူဘောင်ကို ကောင်းစွာပြင်ဆင်သတ်မှတ်ရန် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားကြောင်း သိရှိရပါသည်။

   ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်ဘဏ်အနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ လာရောက်တည်ထောင်ထားခြင်းမရှိသည့် နိုင်ငံခြားသားဝန်ဆောင်မှုပေးသူများ၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းများမှ ဝင်ငွေရရှိသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ သတင်းအချက်အလက်များကိုပေးရန် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကြားခံငွေပေးချေမှု ဝန်ဆောင်မှုကုမ္ပဏီများကိုညွှန်ကြားခြင်းများ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း https://vietnam net.vn/ သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြ ထားပါသည်။

Source: https://vietnamnet.vn/

International Trade News

Pages