အာဆီယံဥက္ကဌတာဝန်ယူမည့် မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်းများအတွက် မလေးရှားနိုင်ငံမှာ သံတမန်ရေးရာ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့

Thu, 12/20/2012 - 10:05 -- Anonymous (not verified)

မလေးရှားနည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Malaysian Technical Cooperation Programme-MTCP) နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာနဲ့ နိုင်ငံခြား ဆက်ဆံရေး သိပ္ပံ (Institute of Diplomacy and Foreign Releations-IDFR) မှာ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အရာထမ်းအမှုထမ်း ၅ဝ အတွက် မြန်မာနိုင်ငံမှ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌ တာဝန်ယူတဲ့အခါ အရည်အချင်း တိုးတက်မြင့်မားစေရန်နဲ့ လိုအပ်တဲ့ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး သံတမန်ရေးရာ ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ တယ်လို့ သတင်းရရှိ ပါတယ်။ ဆွေးနွေးပွဲ ကာလကတော့ နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်ထိ ဖြစ်ပါတယ်။

မလေးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ၁၉၅၇ ခုနှစ်ကတည်းကပင် တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှရေး၊ ကျွမ်းကျင်မှုတည်ဆောက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး၊ ရေအားလျှပ်စစ် ပူးတွဲထုတ်လုပ်ရေး၊ ကာကွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ အားကစားလုပ်ငန်းများမှာ နွေးထွေးချစ်ကြည်စွာ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဆွေးနွေးပွဲ ကာလအတွင်းမှာ အင်္ဂလိပ်စာပိုမိုကျွမ်းကျင်ရန် အတွက် သီးခြားပို့ချပေးခဲ့ပြီး ASEAN Chairmanship တာဝန် ယူတဲ့အခါမှာ အသုံးပြုနိုင်မဲ့ သံတမန်ရေးရာ စာအရေးအသား၊ Presentation တင်ပြရာတွင် ပါဝင်ရမဲ့ အချက်အလက်များ၊ ထိရောက်သော ဆက်သွယ်မှုနှင့် တင်ပြမှု၊ သတင်းကဏ္ဍ၊ သံတမန်ရေးရာနဲ့ Liaisons တို့ရဲ့တာဝန်၊ အစည်းအဝေး ကျင်းပနိုင်ရေး ဘဏ္ဍာရေး တွက်ချက် ရာတွင် ထည့်သွင်းရမဲ့အချက်များ၊ တည်းခိုနေထိုင် သွားလာခြင်းနဲ့ အမှတ်တရ အထိမ်းအမှတ်လက်ဆောင်များ အစီအစဉ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရွက်စာတမ်း အထောက်အထား လိုအပ်ချက်၊ ထမင်းစားပွဲနှင့် ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်၊ လုံခြုံရေး အစီအစဉ် များကို သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများနဲ့ လက်တွေ့လုပ်ဆောင်ဖူးသူ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက အတွေ့အကြုံများကို မျှဝေပေးခဲ့ပါတယ်။

သင်တန်းတက်ရောက်ခြင်းဖြင့် အာဆီယံရဲ့အခန်းကဏ္ဍ၊ လုပ်ငန်းဆောင်ရွက်မှုများနဲ့ ထိတွေ့မှုရှိလာပြီး အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ဝန်ကြီးအဆင့်နှင့် အခြားအဆင့် အစည်းအဝေးများ ကျင်းပရေး ဘက်စုံ ပြင်ဆင်မှုများ အတွက် စာတွေ့ လက်တွေ့ အတွေ့အကြုံများ ရရှိစေခဲ့ပါတယ်။

မိမိတို့နိုင်ငံ အနေနဲ့ အာဆီယံဥက္ကဌ ရာထူးတာဝန်ကို ပထမဆုံး အကြိမ်လက်ခံကျင်းပ ရတော့မည်ဖြစ်ရာ မိမိတို့နိုင်ငံရဲ့ Image ကိုတက်စေပြီး ကမ္ဘာနဲ့အဝှမ်း စိတ်ဝင်စားမှုရှိနေတဲ့ အစိုးရသစ်လက်ထက် လုပ်ဆောင်မှု အဝဝကို Showcase အဖြစ် ပြသနိုင်မဲ့ အခွင့်အလမ်းကောင်း တစ်ခုလည်းဖြစ်ပါတယ်။ ကျန်အာဆီယံနိုင်ငံများမှာ ကျင်းပခဲ့တဲ့ အဆင့်များထက် မနိမ့်ဘဲ ထည်ထည်ဝါဝါ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ယခုကတည်း ကပင် နိုင်ငံတော်အဆင့်မှာ ပြင်ဆင်နေပြီဖြစ်ရာ မိမိတို့ပြည်သူများ အနေနဲ့လည်း နိုင်ငံကြီးသား ပီသအောင် ပြုမူနေထိုင်သွားကြစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်။ ဆိုက်ရောက်ချိန်မှ ပြန်လည်ထွက်ခွာချိန်ထိ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အုပ်ခုျပ်မှုပိုင်းဆိုင်ရာနဲ့ လိုအပ်သည်များကို ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ သံအမတ်ကြီးဦးတင်လတ်နဲ့ သံရုံးအမှုထမ်း မိသားစုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီဆောင်းပါးကတဆင့် ဖော်ပြပေးလိုက်ပါရစေ။

Pancherry