မြန်မာ-ဒိန်းမတ်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကျင်းပ

Mon, 12/17/2012 - 09:21 -- Anonymous (not verified)

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ ဒိန်းမတ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး H.E Madam Pia Olsen Dyhr ဦးဆောင်ပြီး ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယား သံအမတ် Mikael Hemmiti Wintter နှင့်တကွ ဒိန်းမတ်စီးပွားရေးကုမ္ပဏီ ၁၅ ခုပါဝင်တဲ့ မစ်ရှင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရန်ကုန်မြို့နတ်မောက်လမ်းရှိ Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီတွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ UMFCCI ဥက္ကဌ ဦးဝင်းအောင်နဲ့ တာဝန်ရှိသူများ၊ ကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များ ၇၀ ဦးခန့်တက်ရောက်ကြပါတယ်။ ပထမဦးစွာ ဒိန်းမတ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး H.E Madam Pia Olsen Dyhr က အဖွင့်မိန့်ခွန်း ပြောကြား ရာတွင် မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းလာပြီဖြစ်၍ ဒိန်းမတ်နိုင်ငံအနေနဲ့လည်း လုပ်ကိုင်နိုင်စွမ်းရှိသည့် ကုမ္ပဏီများကိုရွေးချယ်ပြီး ယခုလိုလာရောက်ခြင်းဖြစ်ကြောင်း၊ ယခုလိုလာရောက်ခြင်းသည် ကနဦးအစသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများအဆင်ပြေစွာ တည်ထောင်ခြင်းများဆက်လက် လုပ်ဆောင်သွား မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကျိုးရှိမယ့် ဒိန်းမတ်အစိုးရအနေဖြင့်လျည်း မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဒိန်းမတ် လုပ်ငန်းရှင်များကို အထောက်အပံ့ပြုသွား မှာဖြစ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး ဒိန်းမတ်စီးပွားရေး ကုမ္ပဏီမစ်ရှင်အဖွဲ့မှာပါဝင်တဲ့ နို့ထွက်ကုန်ပစ္စည်းကုမ္ပဏီ၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ ရေနှင့်ရေအသုံးချရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေး နှင့်ဆေးပစ္စည်း စားသောက်ကုန်ပြုပြင် ထုတ်လုပ်မှုနဲ့ သိုလှောင်မှုလုပ်ငန်းများတွင်အသုံးပြုသည့် နည်းပညာများ၊ ချေးငွေနှင့် အာမခံအေဂျင်စီ၊ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများရဲ့ တာဝန်ရှိသူကိုယ်စားလှယ်အသီးသီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကုန်ပစ္စည်းများအကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဒိန်းမတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တို့က နှစ်နိုင်ငံစီးပွားရေးကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့် ဆောင်ရွက် နိုင်ရန်နဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

MIRT (DOBT)