စားသုံးသူ ကာကွယ်ရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်စေရန် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ၁/၂ဝ၁၃ ကြိမ်မြောက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကျင်းပ

Thu, 05/16/2013 - 05:12 -- admin

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 10 :37 AM

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ၁/၂ဝ၁၃ ကြိမ်မြောက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးကို ၂၅-၁-၂ဝ၁၃ နေ့ ၁၃းဝဝ ချိန် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်း အစည်းအဝေး ခန်းမမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်း OSS အဖွဲ့ဝင် ဌာန အသီးသီးမှ တာဝန်ရှိ သူများ၊ မြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်းမှ ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသူရလွင်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ အဓိက အခန်းမှ ပါဝင်လျက်ရှိကြတဲ့ ကုန်သည်ကြီးများ အနေဖြင့် မိမိအကျိုး၊ စားသုံးသူ အကျိုး မျှတစွာ ကြည့်ပြီး လုပ်ကိုင်ကြ စေလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုများ ပပျောက် စေရေး ကုန်သည်ကြီးများ အပိုင်းမှလည်း ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ကြရန်နဲ့ ကုန်ပစ္စည်း စစ်ဆေးရေး အပိုင်းမှ တာဝန်ရှိသူများ ကလည်း ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်များအား လုံခြုံရေး သတိဖြင့် စနစ်တကျ ရှာဖွေ စစ်ဆေး သွားရန် ဆွေးနွေးခဲ့ ပါတယ်။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်မှ မြစ်ကြီးနား-ကန်ပိုက်တီး ကုန်သွယ်မှု လမ်းကြောင်း ပေါ်ရှိ ခုနှစ်ရောင်စုံ တံတားအား သောင်းကျန်း သူများမှ ဖျက်ဆီးခဲ့တဲ့ ၂၆-၄-၂ဝ၁၂ နေ့မှ စပြီး ၁၆-၈-၂ဝ၁၂ နေ့ထိ ကုန်သွယ်မှုများ လုံးဝ ပြတ်တောက် သွားခဲ့ပြီးနောက် ဒေသခံ အဖွဲ့ အစည်းများ ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြ သဖြင့် ၁၇-၈-၂ဝ၁၂ နေ့မှ စတင်ကာ ကုန်သွယ်မှု လုပ်ငန်းများ အနည်းငယ် ပြန်လည် စတင်ခဲ့ကြောင်း ၁၂-၁-၂ဝ၁၃ နေ့မှ စပြီး ကျိုးကျ ပျက်ဆီးခဲ့တဲ့ တံတားကို ပြန်လည် ပြုပြင်ပြီး ဖြစ်တဲ့ အတွက် ယခုအခါ ကုန်သွယ်မှုများ ပြန်လည် လုပ်ကိုင် နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် ပို့ကုန်ပိုင်းမှာ တစ်သျှူး ငှက်ပျောသီးများသာ တင်ပို့ နိုင်သေးကြောင်း လမ်းခရီး တစ်လျှောက် လုံခြုံရေး အခြေအနေနဲ့ တရားမဝင် ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း ကြားသိရတဲ့ အတွက် ကုန်သွယ်မှုမှာ သိသိ သာသာ တိုးတက် မလာသေးကြောင်း တံတားကျိုးကျ ပျက်ဆီး ချိန်မှစပြီး ၉ လကြာ ရပ်ဆိုင်းခဲ့တဲ့ လစဉ် ကျင်းပနေကျ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးပွဲများကို ယခုလမှ စတင်ကာ လစဉ် ပြန်လည် ကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ ဘဏ္ဍာနှစ် မကုန်မီ ကျန်ကာလ များမှာ စခန်းရဲ့ ကုန်သွယ်မှု ပမာဏ လျာထားချက် ဒေါ်လာ သန်း ၆ဝ ပြည့်မီစေရေး ကုန်သည် အသင်းဝင် များမှလည်း ဝိုင်းဝန်း ကြိုးပမ်း ပေးကြ စေလိုကြောင်းနဲ့ ကုန်သွယ်မှု လျင်မြန် ချောမွေ့ စေရေးနဲ့ ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီစေရေး အတွက် တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး တာဝန်ရှိသူ အားလုံးမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

နကသ (ကပတ)