ကွမ်းလုံ၊ ချင်းရွှေဟော်တွင် စခန်း ထုတ်နုတ် အင်အား Mobile Team အဖွဲ့ဖြင့် လုပ်ငန်း ဆောင်ရွက် နေမှု ဆွေးနွေး ပြောကြား

Thu, 05/16/2013 - 05:22 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:47 PM

ယခုလ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဇော်သည် ကွမ်းလုံ ခရိုင်၊ ကွမ်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သင်တန်း ခန်းမတွင် ပြုလုပ်သော ကွမ်းလုံ ခရိုင် အတွင်းရှိ ''ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း အမှတ်စဉ် (၁/ ၂ဝ၁၃)'' တွင် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ စခန်း ထုတ်နှုတ် အင်အားဖြင့် Mobile Team အဖွဲ့ စစ်ဆေး လုပ်ငန်း ဆောင်ရွက်မှုများ၊ တရား မဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်သွင်း၊ တင်ပို့မှု တားဆီးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရ ပါသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး (၆၅) ဦး တက်ရောက် ခဲ့ကြောင်းနှင့် Mobile Team အဖွဲ့ဖြင့် စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်းရေး အတွက် ဆောင်ရွက် နေမှုများ၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်း၏ လစဉ်၊ နှစ်စဉ် ကုန်သွယ်မှု တိုးတက် လာသည့် အခြေ အနေများ၊ အခွန် အရပ်ရပ် တိုးတက် ကောက်ခံနိုင်မှု အခြေ အနေများ၊ ပို့ကုန်/ သွင်းကုန် ဥပဒေ အကြောင်း သိကောင်း စရာများနှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေသခံ ပြည်သူများ၊ ကုန်သည် လုပ်ငန်းရှင်တို့ အနေဖြင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်းများကို လျင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်သည့် အခြေ အနေများကို သိရှိ နိုင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိပါသည်။

အိုပါး (ချင်းရွှေဟော်)