၂ဝ၁၃ ခုနှစ်အား ဆန်တင်ပို့ရန် ခက်ခဲမှု ရှိနိုင်တဲ့ နှစ်အဖြစ် ဗီယက်နမ် သုံးသပ်

Tue, 05/14/2013 - 03:37 -- admin

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 10 :07 AM

ဗီယက်နမ် နိုင်ငံ အတွက် ၂ဝ၁၃ ခုနှစ်ဟာ ဆန် တင်ပို့ရန် အခက်အခဲ ရှိတဲ့နှစ် အဖြစ် သုံးသပ် လျက်ရှိပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဆန် ထုတ်လုပ် တင်ပို့တဲ့ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှ ဆန် တင်ပို့မှု အရှိန် အားကောင်းနေတဲ့ အတွက် ဖြစ်ပါတယ်။

ဗီယက်နမ် စားသောက်ကုန် အသင်း VFA ရဲ့ အစီရင်ခံ စာမှာတော့ ကမ္ဘာ့ ဆန်ဈေးကွက်မှာ ဆန် အမြောက် အများ ရှိနေခြင်းဟာ ပြည်တွင်း ဆန်လုပ်ငန်း ရှင်များ အပေါ် ဖိအားပေးရာ ရောက်လျက် ရှိနေတယ်လို့ ထည့်သွင်း ဖော်ပြထား ပါတယ်။ VFA အသင်းဥက္ကဌ Truong Thanh Phong က ၂ဝ၁၂ ခုနှစ် အတွင်းက ဆန်တန်ချိန် ၇၈ဝဝဝဝ ကို စာချုပ် ချုပ်ဆိုနိုင် ခဲ့ကြောင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တဲ့ ဆန်တန်ချိန်ရဲ့ ၄ဝ ရာခိုင်နှုန်းဟာ တင်ပို့ရန် ဆိုင်းနေတယ်လို့ ပြောကြားခဲ့ ပါတယ်။ အခြား နိုင်ငံများ ကလည်း ဗီယက်နမ် နိုင်ငံရဲ့ ဆန်ဈေးကို တစေ့တစောင်း လေ့လာမှုတွေ ရှိနေတဲ့ အတွက် မိမိတို့ အနေနဲ့ ဆန်တင်ပို့ ရောင်းချမှု စီမံခန့်ခွဲရာမှာ လိမ္မာ ပါးနပ်စွာ ညှိနှိုင်း ရောင်းချသွားရ မယ်လို့ ပြောကြားပါတယ်။ ဗီယက်နမ် နိုင်ငံအနေနဲ့ ၂ဝ၁၃ ပထမ လေးလပတ်မှာ ဆန်တန် ၁ ဒသမ ၄ သန်း တင်ပို့ရန် လျာထား ထားတာဖြစ် ပါတယ်။ သိုလှောင်ထားသော ဆန်တန်ချိန် ၈ သိန်းရှိပြီး ဆောင်းသီနံှ ရိတ်သိမ်းလျှင် ဆန် တန်ချိန် ၃ ဒသမ ၈ သန်း ရရှိမယ်လို့ ခန့်မှန်းထား ပါတယ်။

အသင်း အနေနဲ့ ၂ဝ၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် ရည်ရွယ်ထားပြီး ၂ဝ၁၂ ခုနှစ် တင်ပို့ မှုထက် အနည်းငယ်သာ လျော့နည်း ခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ ယမန်နှစ်က ဆန်တင်ပို့မှုဟာ တန်ချိန် ၇ ဒသမ ၇၂ သန်းထိ စံချိန်တင် ခဲ့ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ပါတယ်။ ၎င်းတို့ဟာ FOB စနစ်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တန်ချိန် အားဖြင့် ၂ဝ၁၁ ခုနှစ်ထက် ၈ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုခဲ့သော်လည်း တန်ဖိုး အားဖြင့် ၂ ရာခိုင်နှုန်းခန့် လျော့နည်း ရရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်ရဲ့ ပျမ်းမျှ ဆန်တစ်တန် FOB ဈေးနှုန်းဟာ ကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဈေးထက် ၄၆ ဒသမ ၈၅ ဒေါ်လာ လျော့နည်း ရရှိခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံအနေနဲ့ ၂ဝ၁၂ ခုနှစ် ကလည်း ဆန်တင်ပို့မှုမှာ အခက်အခဲနဲ့ ကြုံတွေ့ ခဲ့ရကြောင်း၊ အကြောင်းမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာ စတဲ့ နိုင်ငံများနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ခဲ့ ရတဲ့ အတွက် ဖြစ်ပါတယ်။ သို့သော်လည်း ဗီယက်နမ် နိုင်ငံဟာ နှစ်ကုန်တဲ့ အချိန်မှာတော့ ပမာဏ များစွာ တင်ပို့ နိုင်ခဲ့တဲ့ အပြင် ပြည်တွင်း ဈေးကွက် တည်ငြိမ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ တောင်သူများအား အထောက်အပံ့ ပေးရန် အတွက်လည်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

မှန်ကန်သော သုံးသပ်ချက်နဲ့ ဝန်ကြီး ဌာနနဲ့ အေဂျင်စီများ အကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အတွက် တောင်သူ လယ်သမားများ အတွက် အရန်ဆန် အဖြစ် သိုလှောင် ထားရမဲ့ ပမာဏကို ဆုံးဖြတ် ပေးနိုင်ခြင်းကြောင့် ပြည်တွင်းဆန် ဈေးကို ဆိုးဆိုး ရွားရွား ကျဆင်းခြင်းမှ ကာကွယ် ပေးနိုင်ခဲ့ပြီး ပြည်ပဆန် ကုန်သည်များ နဲ့လည်း အရောင်း အဝယ် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။

စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဌာန အနေနဲ့ ဟိုချီမင်း မြို့တော်မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ ယခုနှစ်ဆန် ပြည်ပ တင်ပို့ရာမှာ ကြုံတွေ့ ရနိုင်တဲ့ အခက်အခဲများ သက်သာ စေရန် အတွက် မူဝါဒ အသစ်များကို မကြာမီ ထုတ်ပြန် ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ တယ်လို့ သိရပါတယ်။

Source:VOV >>> CMK