အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးအတွက် ဒုတိယအကြိမ်မြောက် အာဆီယံဖွဲ့ဝင်နိုင်

Mon, 06/05/2023 - 11:08 -- regionaldep

         အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးအတွက် ဒုတိယအကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိကျင်းပခဲ့သည်။ အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနမှ Mr. Abdul Aziz MohamadSharkawi က ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ် ဆိုင်ရာကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။

       ဒုတိယအကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစည်းအဝေးကို ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အဆိုပြုစာသားများ၊ ပင်ရင်းလုပ်ငန်းစဉ်ပါအခန်းများနှင့် ကနေဒါနိုင်ငံ၏ အဆိုပြုထားသော ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ကြေငြာနိုင်သည့်စနစ် (Self-Certification) တို့ကို အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်မှုပိုင်းဆိုင်ရာ ကြိုတင်ဆွေးနွေးညှိနှိုင်းနိုင်ရန်ရည်ရွယ်၍ ကျင်းပသော အစည်းအဝေးဖြစ်သည်။

     ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အဆိုပြုစာသားများကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကနေဒါနိုင်ငံ၏ အဆိုပြုချက်အပေါ် ပြင်ဆင်ဖြည့်စွက်၍ ကနေဒါနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုနိုင်ရန်အတွက် ဘုံသဘောတူစာသားများဖြစ်စေရန်နှင့် ညှိနှိုင်းမှုတိုးတက်စေရေးအတွက် ဖြစ်နိုင်ခြေအလားအလာများပေါ်ပေါက်စေရန် ဆွေးနွေးခဲ့ကြသည်။

    ပင်ရင်းလုပ်ငန်းစဉ်ပါ အခန်းများတွင် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များနှင့် အတည်ပြုပို့ကုန်တင်ပို့သူ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

    ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ကြေငြာနိုင်သည့်စနစ် (Self-Certification) ကို ကနေဒါနိုင်ငံက အလွတ်သဘောစာတမ်းတင်ပြလာမှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကနေဒါနိုင်ငံ၏ ရှင်းလင်းချက်ကို တောင်းခံရန်နှင့် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဉ် များကို ဖော်ပြရန် ဆွေးနွေးခဲ့ကြပါသည်။