ရွှေသတ္ထုရိုင်း တင်သွင်းခွန်အား အိန္ဒိယ အစိုးရမှ မြှင့်တင်

Tue, 05/14/2013 - 03:39 -- admin

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃  10:08 AM

အိန္ဒိယ အစိုးရဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး ရွှေသတ္ထု တင်သွင်းခြင်း အပေါ် သွင်းကုန်ခွန်အား နှစ်ဆ ကျော် မြှင့်တင် လိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယ နိုင်ငံဟာ နှစ်စဉ် ရွှေတန်ချိန် ၈ဝဝ ခန့် တင်သွင်း ရလျက်ရှိပါတယ်။ ရွှေ၊ သတ္ထုနဲ့ ရွှေချောင်းများ တင်သွင်းမှု အပေါ် သွင်းကုန်ခွန်ကို ယခင်က ၂ ရာခိုင်နှုန်း သတ်မှတ် ထားရာမှ ယခုအခါ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယမန်နှစ်က သတ်မှတ်ထားတဲ့ သန့်စင်ပြီး ရွှေတင်သွင်းခွန် ၄ ရာခိုင်နှုန်းကို အစိုးရမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်ပြီး နောက်တစ်နေ့မှာ ရွှေသတ္ထု တင်သွင်းခွန်ကိုလည်း တိုးမြှင့် လိုက်တာလို့ သိရပါတယ်။ ပြည်ပမှ ရွှေတုံး ရွှေခဲများစွာ တင်သွင်း နေခြင်းကို တားဆီး နိုင်ရန် ရည်ရွယ်ပြီး ထိုသို့ သွင်းကုန်ခွန်ကို မြှင့်လိုက်တာလို့ သိရပါတယ်။ ရွှေစစ်စစ် ထုတ်ယူရာမှာ အသုံးပြုတဲ့ ရွှေနဲ့ငွေ အရော (alloy) ကိုလည်း နှစ်စဉ် တန် ၁ဝဝ ဝန်းကျင် တင်သွင်း နေရတာ ဖြစ်ပါတယ်။

Kotak Mahindna ဘဏ်တိုက်မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Shekgar Bhandari က ဒီလို သွင်းကုန်ခွန် တိုးမြှင့် လိုက်ခြင်းဟာ တနည်း အားဖြင့် ပြည်ပမှ ရွှေတင်သွင်းမှုကို တားမြစ် လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေတွင်းများဟာ ၎င်းတို့ တူးဖော်ရရှိတဲ့ ရွှေသတ္ထု အတုံးများကို ရွှေသန့်စင် စက်ရုံများသို့ ပို့ပြီး အရောင်း အဝယ်ပြု နိုင်တဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အထက် သန့်စင်ပြီး ရွှေများ အဖြစ်ပြုလုပ် စေလျက်ရှိတယ်လို့ သိရပါတယ်။

Source:Indiaexpress.com >>> CMK