မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက် စေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲအမှတ်စဉ် (၁/၂၀၂၃)ကို ကျင်းပခြင်း

Fri, 12/01/2023 - 08:50 -- ipICTdep

နေပြည်တော်၊ ဒီဇင်ဘာလ ၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများ အင်္ဂလိပ်စာစွမ်းရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ “အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (၁/၂၀၂၃)” ကို ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုပြိုင်ပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာပြီး မူပိုင်ခွင့်ဘာသာရပ်ဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံတကာနှင့်ပြောဆိုဆက်ဆံရာ၌ ကောင်းမွန်လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့အတွက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာမှာ ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ဝန်ထမ်းများ အနေဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူတတ်မြောက်ထားသင့်ပါကြောင်း၊  နိုင်ငံတကာမှ ဖိတ်ခေါ်သည့် ပညာသင်ဆုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစွာကို တက်ရောက်ရမည့်အခွင့်လမ်းများစွာရှိတဲ့ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာစကားနှင့်ပတ်သက်၍ အားနည်းမှုမရှိစေလိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ပြောဆိုဆက်ဆံလုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များစွာရှိလာမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

   အင်္ဂလိပ်စာဘာသာစကားစွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို မူပိုင်ခွင့်ဦးစီးဌာနမှ လစဉ်ကျင်းပသော အင်္ဂလိပ်စာရေးဖြေစာမေးပွဲနှင့် Speaking Test စစ်ဆေးခြင်းတို့တွင် အမှတ်အများဆုံး ရရှိထားသူများအား ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ပြိုင်ပွဲဝင် များသည် ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြစ်သည့် (၁) IP and Innovation၊ (၂) IP and Youth နှင့်  (၃) IP and Economic Development ခေါင်းစဉ်(၃)ခုအား မဲနှိုက်ရွေးချယ်ကာ မိမိကျရာခေါင်းစဉ်(၁)ခုကို ယှဉ်ပြိုင်ကြရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲ၏စိစစ်အကဲဖြတ်အမှတ်ပေးခြင်းနှင့် ဆုရရှိသူများရွေးချယ်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်းများဖြင့် စိစစ်အကဲဖြတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ အမှတ်စဉ် (၁/၂၀၂၃)တွင် ဌာနခွဲအသီးသီးမှ အရာထမ်း၊ အမှုထမ်း (၉) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုတို့ကို အသီးသီးရွေးချယ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။