တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံ သွားမည်ဟု အိန္ဒိယ အစိုးရမှ ထုတ်ပြန်

Mon, 05/13/2013 - 10:51 -- admin

သောကြာနေ့ ၁၈ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

အိန္ဒိယ အစိုးရသည် ပြည်တွင်း စက်မှု လုပ်ငန်းများကို အကာ အကွယ်ပေးရန် တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့ အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စတင် ကောက်ခံ သွားမည်ဟု ဇန်နဝါရီလ လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။

သံမဏိ အဆင့် ၃ဝ၄ မှ ထုတ်လုပ်သော သံပြား အလိပ်များ၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်း နှင့် အထက် ပါရှိသော သံမဏိ အဆင့် အားလုံး အပေါ် ပြည်တွင်း ထုတ်လုပ်မှု များအား အကာ အကွယ် ပြုသော ဂျူတီ (Safeguard duty)ကို စည်းကြပ် သွားမည်ဟု သိရသည်။

Motilal Oswal Securities မှ ဝါရင့် ဒုတိယ ဥက္ကဌ၊ Sanjay Jain က အိန္ဒိယတွင် အဆင့် ၂ဝဝ အမျိုး အစား သံမဏိ ပစ္စည်းတွင် ယှဉ်ပြိုင်မှု များစွာ ရှိပြီး အဆင့် ၃ဝဝ အမျိုးအစား နှင့်မူ ယှဉ်ပြိုင် ထုတ်လုပ်မှု မရှိကြောင်း၊ အဆင့် ၃ဝ၄ အမျိုးအစား သတ္ထုသည် အရည် အသွေး ကောင်းမွန်ပြီး ဈေးလည်း ကြီးမြင့်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဝန်ကြီး ဌာန ဝက်ဘ်ဆိုဒ်၌ အဆင့် ၃ဝ၄ အမျိုးအစား၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်းကျော် ပါဝင်သော သံမဏိ ပစ္စည်းများ အပေါ် အခွန်စည်းကြပ် တော့မည် ဆိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် အိန္ဒိယ သံမဏိ လုပ်ပိုင်ခွင့် ရှိသူများ အကြားရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက် ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာမူ ၁ ဒသမ ၈ ရာခိုင်နှုန်းထိ လျော့ကျ သွားခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် သွင်းကုန်ခွန် စည်းကြပ်ခြင်းသည် ပြည်တွင်း သံမဏိ လုပ်ငန်းများအား အကာအကွယ် ပေးရန် ရည်ရွယ် စည်းကြပ်ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း သံမဏိ လုပ်ငန်းများသည် အိန္ဒိယ၏ GDP တွင် ၂ ရာခိုင်နှုန်း နီးပါး ပါဝင်ပြီး လူ ၅ဝဝဝဝ ကျော်ကို အလုပ် အကိုင် ပေးလျက် ရှိကြောင်း ဖော်ပြထား ပါသည်။

ယခု ကဲ့သို့ စည်းကြပ်ခွန် ပြဌာန်းခြင်းသည် ပြည်တွင်း ထုတ်လုပ်မှုများ အတွက် အိန္ဒိယ အစိုးရ၏ ထူးထူး ခြားခြား အကာ အကွယ် ပေးခြင်း ဖြစ်ကြောင်း၊ သံမဏိ လုပ်ငန်းများ၏ အခက်အခဲကို နားလည်မှုရှိစွာ ထည့်သွင်း စဉ်းစား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Jain က ပြောကြား ပါသည်။

အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ သံမဏိ စတုတ္တမြောက် အများဆုံး ထုတ်လုပ်သော နိုင်ငံ ဖြစ်သော် ငြားလည်း ယခု လတ်တလောတွင် အများဆုံး တင်သွင်းသော နိုင်ငံ ဖြစ်လာ နေခြင်းကြောင့် သွင်းကုန်ခွန် အသစ် စည်းကြပ် ရခြင်း ဖြစ်ပါသည်။ ၂ဝဝ၅- ၂ဝဝ၆ ခုနှစ်များတွင် အိန္ဒိယ နိုင်ငံသည် သံမဏိ ပစ္စည်းများကို နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် တိုးတက် ထုတ်လုပ် ခဲ့သော်လည်း ၂ဝဝ၅- ၂ဝဝ၆ နောက်ပိုင်း (၆) နှစ်ကျော်တွင် သံမဏိ သုံးစွဲမှုသည် ၉ ဒသမ ၆ ရာခိုင်နှုန်းကျော် တိုးတက် လာနေသည်ဟု သိရသည်။

အိန္ဒိယသို့ သံမဏိ တင်သွင်းသော နိုင်ငံများတွင် တရုတ် နိုင်ငံသည် တတိယ နေရာတွင် ရှိနေပြီး သွင်းကုန် ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ်ရန် ထုတ်ပြန်ခြင်းသည် တရုတ် သံမဏိ သွင်းကုန်များ တိုးမြင့်လာ ခြင်းကြောင့် ပြည်တွင်း ထုတ်လုပ်သူများအား အကာ အကွယ် ပေးရန်မှ အခြား မရှိနိုင်ဟု သုံးသပ်လျက်ရှိ ပါသည်။

Source: blogs.ft.com ---CMK