ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် မူဘောင်ချမှတ်ခြင်းနဲ့ အစီအစဉ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်

Thu, 01/14/2016 - 03:17 -- dotadmin

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ အစီအစဉ်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များနဲ့ Asian Development Bank (ADB) တို့ ပူးပေါင်းပါဝင်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင်များချမှတ်ခြင်းနဲ့ အစီအစဉ်များရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ဝ၉း၃၀ ချိန်က UMFCCI ရှိ တတိယထပ် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးသို့ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နဲ့တာဝန်ရှိသူများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Asian Development Bank မှ Principle Country Specialist Mr.Peter J.Brimble , MBI - Asian Development Bank မှ Myanmar Country Manager    ဦးတင်ထွဋ်ဝင်း၊ UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ တည်ဆဲ ဥပဒေ ၊ အမြင်၊ မူဝါဒများကို ပြုပြင်ဖို့နဲ့ စဉ်းစားတွေးခေါ်ခြင်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများကို သင်ကြားပေးခြင်းများ ပြုလုပ် ပေးမှာဖြစ်ပါတယ်။ အဓိက လုပ်ဆောင်မဲ့အချက် ၅ ချက်ကတော့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ ကိုတိုးတက်အောင်လုပ်ရန်၊ ငွေရေးကြေးရေး၊ ရန်ပုံငွေကိစ္စအတွက် ဆောင်ရွက်ရန်၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စဖွံ့ဖြိုးတိုးတက်စေရန်၊ ပုဂ္ဂလိက ကဏ္ဍအတွက် State Own Enterprise and Private Public Partnership (SOE and  P P P) ကဏ္ဍဆောင်ရွက်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန် တို့အတွက် ဖြစ်ပါတယ်။

ဖေါ်ပြပါ အချက်များကို တစ်ချက်ချင်းစီ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ပြီး တက်ရောက်လာသူများ ကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းများ အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ အလားတူ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တယ်လို့လည်း သိရပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားရန်ရှိကြောင်းသိရပါတယ်။