တာချီလိတ် (Mobile Team) အဖွဲ့က တရုတ်နိုင်ငံမှ တရားမဝင်သယ်ဆောင်လာသည့် ကြက်ဥများမြေမြှုပ်ဖျက်ဆီး

Thu, 12/20/2012 - 05:19 -- Anonymous (not verified)

  

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေးအတွက် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး၊ မယ်ယန်းစခန်းရှိ စခန်းထုတ်နှုတ်အင်အား Mobile Team အဖွဲ့နဲ့ ကျိုင်းတုံ-တာချီလိတ် ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ထိန်းကျောင်း ဆောင်ရွက်ပညာပေးနေပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာတော့ မယ်ယန်းယာဉ်စစ်ဆေးရေးကွင်းတွင် Mobile Team အဖွဲ့က စစ်ဆေးစဉ် မိုင်းယောင်းမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာတဲ့ (ယာဉ်အမှတ်-xxxxxxxx) နှစ်လုံးထိုး (၆) ဘီး ယာဉ်ပေါ်မှာ တရုတ်နိုင်ငံမှ ကြက်ဥအလုံး ၁၂ဝဝဝ နဲ့ ၁ ထုပ်လျှင် အထည် ၃ဝ ပါတဲ့ တရုတ်စောင်ပါး အထုပ် ၄ ထုပ်ကို တားဆီးရမိခဲ့ပါတယ်လို့ သိရှိရ ပါတယ်။

စောင်ပါးကိုတော့ သွင်းကုန်လိုင်စင်လုပ်ပေးခဲ့ပြီး ကြက်ဥတွေနဲ့ ပတ်သက်လို့တော့ တာချီလိတ်ခရိုင် တိရိစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှ ''ဓါတ်ခွဲခန်းစမ်းသပ်ချက်အရ လည်းကောင်း၊ ရောဂါထိန်းချုပ်မှုအရ လည်းကောင်း၊ စာရွက် စာတမ်း အထောက်အထားလိုင်စင်နဲ့ (ID/ED)များ မပါဘဲ သယ်ဆောင်လာတဲ့ အတွက် ဖျက်ဆီးသင့်ပါကြောင်း'' သဘောထား သတ်မှတ်ချက် ရရှိတဲ့အတွက် အထက်ဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ အဖွဲ့နဲ့ဖျက်ဆီးမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ (၁၁းဝဝ ချိန်မှ ၁၁း၄ဝ ချိန်ထိ) တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ လုပ်ဆောင်ခဲ့ကြပြီး ဖျက်ဆီးခဲ့တဲ့ကြက်ဥများမှာ ကာလတန်ဖိုး ကျပ် ၁၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

စားသုံးသူများကို အကာအကွယ်ပေးရေးအတွက် တာချီလိတ် မယ်ယန်းစခန်းအတွင်း ခရိုင်တိမွေးကုရဲ့ ပူးပေါင်း ဆောင်ရွက်မှုအရ ပိုးသတ်ဆေးဖြန်းခြင်း၊ မြေကြီးတွင်းတူးခြင်းများဆောင်ရွက်ပြီး Mobile Team အဖွဲ့ဖြစ်တဲ့ နယ်စပ် ကုန်သွယ်ရေး၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်ကိုယ်စားလှယ်၊ တာချီလိတ် ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်၊ သတင်းမီဒီယာများ ပါဝင်တဲ့အဖွဲ့က မြေကြီးတွင်းထဲသို့ ကြက်ဥများ ပစ်ခွဲ/ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပြီး ကြက်ဥ ထည့်သည့် စက္ကူဖာများကိုတော့ မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

အေးအေး (တာချီလိတ်)