Automatic Licensing စနစ်ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိ

Wed, 07/18/2012 - 08:38 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီး Automatic Licensing စနစ်ဖြင့် သွင်းကုန် ပစ္စည်းအမျိုးအစား ၁၆၆ မျိုးကို စခန်းမှတိုက်ရိုက်လိုင်စင်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။မြဝတီနယ်စပ်ဒေသ အနေနဲ့ Automatic Licensing ခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေဘဏ်စာရင်း မဖွင့်လှစ် နိုင်တဲ့ ဒေသခံကုန်သည်ငယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တည်ထောင်ထားတဲ့ကုမ္ပဏီများပါ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်တာတွေ့ရပြီး ကုန်သွယ်မှုပမာဏမှာ ၂၀၁၂ ဧပြီလတွင် ၄ ဒသမ ၂၅၆ ဒေါ်လာသန်း၊ မေလတွင် ၁၀ ဒသမ ၃၀၁ ဒေါ်လာသန်း၊ဇွန်လတွင် ၁၃ ဒသမ ၂၃၈ ဒေါ်လာသန်းအထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။မြဝတီနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း သဘာဝမှာ အတက်တစ်ရက် အဆင်းတစ်ရက်ဖြစ်ပြီး ကုန်သည် လုပ်ငန်းရှင်များအနေနဲ့လည်း အတက်ရက်မှာ ကုန်သွယ်ရေးဇုန်ထဲဝင်ရောက်လာတဲ့ ပို့ကုန်ပစ္စည်းတွေကို Automatic Licensing စနစ်နဲ့ မြန်ဆန်စွာတင်ပို့နိုင်သလို အဆင်းနေ့မှာ ပြည်တွင်းဈေးကွက်က ကုန်အမှာတွေကို Automatic Licensing နဲ့ ချက်ချင်းလိုင်စင်လျှောက်ထားရယူတင်သွင်းနိုင်လို့ နှစ်သက်ကျေနပ်မှုရှိနေကြတယ်လို့ သိရပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုများ ပိုမိုတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ 
မျိုးနွယ်အေး (မြဝတီ)