သွင်းကုန်ပစ္စည်းအမယ် ၁၆၀ ကျော် ပို့ကုန်ပစ္စည်း ၁၃၅ မျိုးခန့်ကို နှစ်နိုင်ငံငွေကြေး သို့မဟုတ် LC/ TT ကြိုက်နှစ်သက်ရာစနစ်ဖြင့် လိုင်စင်လျှောက်ထားနိုင်

Mon, 07/16/2012 - 09:23 -- Anonymous (not verified)

LC/ TT နဲ့ ဘဏ်ငွေစာရင်းမဖွင့်နိုင်သော ဒေသခံကုန်သည်ငယ်များအနေနဲ့ တင်ပို့တင်သွင်းနိုင်ရန် ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်မှုနည်းလမ်းနဲ့ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက် ရာမှာ နိုင်ငံတော်မှရသင့်ရထိုက်တဲ့ အခွန်အခများမရရှိတဲ့အပြင် ကုန်သွယ်မှု ပမာဏထိခိုက်ကျဆင်းမှုများ ရှိလာတာကို တွေ့ရှိရတဲ့ အတွက် ပို့ကုန်သွင်းကုန်ပစ္စည်းများကို နှစ်နိုင်ငံငွေကြေးနဲ့ ဆောင်ရွက်နိုင်ရေး ငွေကြေးဆိုင်ရာမူဝါဒ လုပ်ထုံးလုပ်နည်း ညှိနှိုင်းအစည်းအဝေးမှာ တင်ပြညှိနှိုင်းဆွေးနွေးနိုင်ခဲ့တဲ့ အတွက် ယခုအခါသွင်းကုန်ပစ္စည်းအမယ် ၁၆၀ ကျော် ပို့ကုန်ပစ္စည်း ၁၃၅ မျိုးခန့်ကို နှစ်နိုင်ငံငွေကြေးသို့မဟုတ်   LC (Letter of Credit)/ TT (Telegraphic Transfer) ကြိုက်နှစ်သက်ရာစနစ်နဲ့ လိုင်စင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်စခန်းတွင်ပင် ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုခြင်းကို ဇွန် ၁၂ ရက်ကစပြီး ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးအောင်ဝင်းက ဇူလိုင် ၂ ရက်က ကော့သောင်း နယ်စပ်ကုန်သည်ကြီးများအသင်းအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်ကူးသန်းရောင်းဝယ်မှုများလျော့နည်းပပျောက်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့ရာ Automatic Licencing ၊ Non Automatic Licencing စနစ်များနဲ့ လိုင်စင်ထုတ်ပေးနိုင်ရေးကိုဆောင် ရွက်ပေးနေပြီဖြစ်ကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်ထပ်မံရရှိပါက Individual Trading Card စနစ် ဆောင်ရွက်နိုင်ရန်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ခွင့်ပြုပေးနိုင်တဲ့လိုင်စင်များအတွက် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်သတ်မှတ်ပေးရန်စီစဉ် ထားပြီ ဖြစ်ကြောင်းလည်း ကုန်သည်လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကုန်သွယ်မှုနဲ့စပ်လျဉ်းပြီး မိမိတို့ဌာနအနေနဲ့ အချိန်နဲ့တစ်ပြေးညီလုပ်ငန်းရှင်များသိအောင်ဆောင်ရွက်ပေးလျက်ရှိတဲ့ အပြင် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေး ဌာနဆိုင်ရာများမှဆောင်ရွက်နေသည်များကိုသိရှိပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှပိုမိုဆောင်ရွက်ကြစေလိုကြောင်း စခန်းတာဝန်ခံကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ကုန်သည်ကြီးများအသင်းအလုပ်အမှုဆောင် ဦးခင်မောင်ကြီးကလည်း တရားမဝင်ကုန်သွယ်မှုများအား ဥပဒေနဲ့အညီ အရေးယူထိန်းချုပ်တားဆီးနိုင်ရေး ပညာပေးကာလ၊ စောင့်ကြည်ကာလ၊ အရေးယူကာလဟူ၍ ကာလသတ်မှတ်ပိုင်းခြား ထားပြီး အောက်တိုဘာ ၁ ရက်မှစ၍ အရေးယူမှုစတင်တော့မယ်ဆိုတာ ကုန်သည် လုပ်ငန်းရှင်၊ ကုမ္ပဏီများကို ကြိုတင် အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။    
MIRT (DOBT)