အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်

Thu, 08/24/2023 - 03:38 -- ipICTdep

   အာဆီယံဒေသတွင်း ဖွံဖြိုးတိုးတက်မှုတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဟောင်ကောင် (တရုတ်)နိုင်ငံ မူပိုင်ခွင့်ရုံး၏ ကိုယ်စားလှယ်များ၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအခြေပြု အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs)များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦး နှင့် အသေးစား ၊ အငယ်စား ၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs) လုပ်ငန်းရှင်(၂)ဦး စုစုပေါင်း ကိုယ်စားလှယ်(၃) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မူပိုင်ခွင့်အကာအကွယ်ပေးမှုစက်ဝန်း (IP Cycle) သဘော တရားများအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာတို့နှင့် ဆက်စပ် သည့် မဟာဗျူဟာမြောက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျင့်သုံးမှုများအတွက် ကျွမ်းကျင်မှု စွမ်းရည်များ (Hard and Soft Skills) ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဟောင်ကောင် (တရုတ်)နိုင်ငံတို့ရှိ startups နှင့် MSMEs တို့အကြား ဒေသတွင်းဆက်သွယ်မှု ကွန်ယက်တစ်ရပ်ဖြစ်ပေါ်လာရန်နှင့် တက်ကြွသော အစပျိုးဆောင်ရွက်ချက်များ ဖန်တီးနိုင်ရန် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။