စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 08/25/2023 - 09:23 -- ipICTdep

  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားသည်။

  အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ဒီဇိုင်းများကို မူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ရယူထားနိုင်သည့် အခြေအနေနှင့် အကာအကွယ်ရယူထားလျှင် ရရှိနိုင်မည့် အခွင့်အရေးများနှင့်  အကျိုးအမြတ်များကို ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိနားလည်ခြင်းအားဖြင့် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက် တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများ၏ ဒီဇိုင်းများကို အခြားသူ တစ်ဦးဦးက ပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊  ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းများကို ဥပဒေနှင့်အညီ တားဆီးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလို၍ မေးမြန်းခြင်းများကို ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၂:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။