တိုးတက်လာတော့မည့် လက်ခစား (CMP)လုပ်ငန်းများ

Tue, 05/29/2012 - 06:39 -- Anonymous (not verified)

        မြန်မာနိုင်ငံတွင် ပြည်ပမှ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လက်ခစားလုပ်ငန်းဆောင်ရွက်သော (CMP) လုပ်ငန်းများကို ဆောင်ရွက် ခွင့်ပြုပေးလျှက်ရှိရာ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ မှန်ဘီလူး လုပ်ငန်း၊ ထရန်စဖော်မာ အပိုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကရိယာများ၊ အသက်ကယ်လှေနှင့် ဆက်စပ်ပစ္စည်းများ၊ ဆံပင်တု ၊ ပီနံအိတ်၊ ဖဲပြားစသည်ဖြင့် လုပ်ငန်းပေါင်းစုံစက်ရုံများ ထူထောင်ဆောင်ရွက် လျှက်ရှိပါသည်။ လက်ခစား (CMP)လုပ်ငန်းများ တိုးတက်လာမှုကြောင့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိလာမှုမှာ အထင်အရှားဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုပ်သား အင်အားပေါများဈေးချိုခြင်း၊ စက်ရုံ အလုပ်ရုံ တည်ဆောက်ထူထောင်ရန် မြေနေရာများ ပေါများခြင်းတို့ကြောင့် ပြည်ပလုပ်ငန်းရှင်များ မျက်စေ့ကျနေသော်လည်း အင်အားကြီးနိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှု များကြောင့် တိုးတက်မှုအနေဖြင့် အနည်းငယ်နောက်ကျနေခဲ့ရပါသည်။ လက်ခစားလုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းမှာ 2011-2012 ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၉၈ သန်းကျော်ဖြင့် အများဆုံးတိုးတက်တင်ပို့နိုင်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်ကြောင်း တစ်နှစ်ထက် တစ်နှစ် တိုးတက် လာကြောင်း သိရှိရပါသည်။ စီးပွားရေးပိတ်ဆို့မှုများ ကြောင့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့သို့ အများဆုံး တင်ပို့နေ ခဲ့ရခြင်းဖြစ်ပါသည်။ နိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ လာပြီဖြစ်၍ လက်ခစား(CMP) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ တိုးတက်လာတော့မည်ဖြစ်ရာ အရည်အသွေး စစ်ဆေးမှုအပိုင်းတွင် စနစ်ကျန တင်းကြပ် လွန်းသော ဂျပန်နိုင်ငံ သို့ပင် အောင်မြင်စွာ ချုပ်လုပ်တင်ပို့ နိုင်စွမ်းရှိပြီးဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အသစ်ဝင် ရောက်ဖြစ်ထွန်းလာမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အခွင့်အလမ်းကောင်းများ ရရှိလာတော့မည်ဖြစ်ကြောင်း သတင်း ကောင်းပါးရေး သားတင်ပြအပ်ပါသည်။

                                                                                                             ထားထားရီ (ပို့ကုန်)